နေမိုး
၉. ၆. ၂၀၂၆
KIA နှင့် PDF အကြမ်းဖက်လက်နက်ကိုင်များက ခြောက်ဘီးယာဉ်ငါးစီးကို မီးရှို့ဖျက်ဆီးပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့လေးဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့မှု ကသာ-ထီးချိုင့် ခရိုင်ချင်းဆက်လမ်းတွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဇွန် ၆ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ နတ်အင်းကျေးရွာအနီး ကသာ-ထီးချိုင့် ခရိုင်ချင်းဆက်လမ်း၌ ကုန်တင်မော်တော်ယာဉ်များအား KIA သောင်းကျန်းသူအဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့ (အင်အားစိစစ်ဆဲ)က လက်နက်ငယ်များဖြင့် အကြမ်းဖက်ပစ်ခတ်၍ မော်တော်ယာဉ် နှစ်စီးအား မီးရှို့ ဖျက်ဆီးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် 4B/XXXX ခြောက်ဘီးကုန်တင်ယာဉ်ပေါ်၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည့် ယာဉ်မောင်း ဦးဝေဖြိုးဦးနှင့် ကျည်ထိမှန်ဒဏ်ရာ ရရှိထားသည့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်နေ ယာဉ်မောင်းအကူ ကိုအောင်စံဖြိုး(၂၄)နှစ်တို့အား တွေ့ရှိခဲ့ရသည်။
ထို့အပြင် 2B/XXXX ခြောက်ဘီးကုန်တင်ယာဉ်ပေါ်၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည့် ယာဉ်မောင်း ဦးရင်မောင်နှင့် ယာဉ်မောင်းအကူ ဦးဘယ်ကျော်တို့အား လည်းကောင်း၊ မီးလောင်ပျက်စီးနေသည့် 3C/XXXX ခြောက်ဘီးကုန်တင်ယာဉ်နှင့် 8J/XXXX ခြောက်ဘီးကုန်တင်ယာဉ် နှစ်စီးတို့အား လည်းကောင်း၊ ရပ်တန့်ထားသည့် 1B/XXXX ခြောက်ဘီး ကုန်တင်ယာဉ် တစ်စီးအား လည်းကောင်း တွေ့ရှိရသဖြင့် ဒဏ်ရာရရှိသူ ကိုအောင်စံဖြိုးအား ဆေးကုသနိုင်ရေး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိပြီး နယ်မြေရှင်းလင်းရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။




