နေမိုး
၉. ၆. ၂၀၂၆
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်တွင် ထကြွသောင်းကျန်းနေသော ရေစကြို PDF များက ရေစကြိုမြို့နယ် အမှတ် (၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သားဖြစ်သူကို ရေစကြိုမြို့ပေါ်နေအိမ်အထိ သွားရောက်ပစ်သတ်ခဲ့ကြောင်း ကျူးလွန်သည့် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ဇွန် ၉ ရက်တွင် ဝန်ခံချက် ထုတ်ပြန်ထားသည်။
အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလွင်မျိုးအောင် (ခ) ငလွင် နှင့် ၎င်း၏ သားဖြစ်သူ ကိုရဲမာန်အောင်တို့အား ပျူစောထီးဟုဆိုကာ ဇွန်လ ၈ ရက် ညအချိန်တွင် နေအိမ်သို့ ဝင်ရောက်ဖမ်းဆီးရာ ထွက်ပြေးသဖြင့် နေအိမ်တွင်ပင် သတ်ဖြတ်လိုက်ခြင်းဖြစ်သည်ဟုလည်း ဝန်ခံချက်က ဖော်ပြသည်။
အုပ်ချုပ်ရေးမှူး၏ သားဖြစ်သူမှာ ပျူစောထီး (ပြည်သူ့စစ်) သင်တန်းဆင်းထားသူဖြစ်သည်ဟု ဆင်ခြေပေးထားသော်လည်း သွားရောက်သတ်ဖြတ်ချိန်တွင် လက်နက်သိမ်းဆည်းရမိခဲ့ခြင်းမရှိသဖြင့် ရေစကြို PDF များ၏ လုပ်ရပ်မှာ လက်နက်မဲ့သားအဖကို သတ်ဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။
နောက်ဆုံးထုတ်ပြန်ချက်များအရ နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှိ၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။
