နေမိုး
၉. ၆. ၂၀၂၆
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ မြို့၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လမ်းမကြီးများပေါ်၌ မောင်းနှင်သွားလာနေသည့် မော်တော်ယာဉ်များအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း စသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိရာ ယခုလည်း ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ “မံဆောင်” သံကူကွန်ကရစ် တံတားအသစ်အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဇွန် ၇ ရက် နံနက် ၄ နာရီ ၃၀ မိနစ်တွင် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ လမ်းဇန်ကျေးရွာနှင့် လိုင်တွီးကျေးရွာကြားရှိ မဏိပူရမြစ်အား ဖြတ်သန်း၍ တီးတိန်မြို့နှင့် ရိဒ်ခေါဒါရ်မြို့သို့ ဆက်သွယ်ထားသည့် “မံဆောင်” သံကူကွန်ကရစ်တံတားအသစ်အား အကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ)က မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် အဆိုပါတံတား၏ ရေလယ်တိုင်အမှတ် P1 ရှိ တိုင်နှစ်လုံးတွင် အောက်ခြေပိုင်းပျက်စီးသွားခဲ့ပြီး လူနှင့်မော်တော်ဆိုင်ကယ်များ ဖြတ်သန်းသွားလာနိုင်ကြောင်းနှင့် မော်တော်ယာဉ်များမှာ အနီးရှိ တံတားအဟောင်းမှ ဖြတ်သန်းသွားလာလျက်ရှိကြောင်း သိရသည်။
ချင်းပြည်နယ်တွင် အများပြည်သူဆိုင်ရာပြည်သူပိုင်ပစ္စည်းများအား ဖောက်ခွဲဖျက်ဆီးမှုများကို ဒေသတွင်း ချင်းလက်နက်ကိုင်များ၊ NUG နှင့် ရခိုင်အကြမ်းဖက် AA ကို ဩဇာခံသော ချင်း PDF များနှင့် AA လက်နက်ကိုင်များ ထကြွနေပြီး ယခုကဲ့သို့ အများပြည်သူသွားလာအသုံးပြုလျက်ရှိသော သံကူကွန်ကရစ်မြစ်ကူးတံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှု ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
