၉.၆.၂၀၂၆
Translated by Htwe Ko Tun
ဖိလစ်ပိုင်နိုင်ငံ၊ မင်ဒါနာအိုကျွန်းတွင် ဇွန်လ ၈ ရက် နံနက်ကလှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၈ မဂ္ဂနီကျူ့ရှိ အင်အားပြင်းငလျင်ကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် သေဆုံးသူဦးရေ ၃၅ ဦးရှိလာပြီး ၁၂ ဦး ပျောက်ဆုံးနေကာ ၂၀၀ ကျော် ဒဏ်ရာရရှိ၍ မင်ဒါနာအိုရှိ နေရာအတော်များများတွင် ငလျင်ကြောင့် အဆောက်အအုံများ ပြိုကျခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပွားခဲ့ကြောင်း ဇွန်လ ၉ ရက် နံနက်သတင်းများအရ သိရသည်။
ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်ဗေဒဌာန (Phivolcs) က ငလျင်သည် နံနက် ၇း၃၇ နာရီတွင် လှုပ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဆာရန်ဂါနီပြည်နယ်၊ မာဆင်းမြို့၏ အနောက်တောင်ဘက် ၃၂ ကီလိုမီတာခန့်အကွာတွင် ဗဟိုပြု၍ လျင်လှုပ်ခတ်ပြီးနောက် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ပလောင်း၊ ထိုင်ဝမ်နှင့် ပါပူအာနယူးဂီနီတို့တွင် ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့သည်။ အာဏာပိုင်များက ကမ်းရိုးတန်းဒေသများရှိ ဒေသခံများအား မြင့်မားသောနေရာများသို့ ချက်ချင်းပြောင်းရွှေ့ရန် တိုက်တွန်းခဲ့သည်။
အားကောင်းသောငလျင်ကြောင့် ဒေသအတွင်း ကျောင်းများ၊ အစိုးရရုံးများအပါအဝင် အဆောက်အအုံအချို့ပြိုကျခဲ့ပြီး မြေပြိုခြင်းများပါဖြစ်ခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့များက ပြိုကျအဆောက်အအုံ အပျက်အစီးများအကြား ရှာဖွေနေဆဲဖြစ်ရာ သေဆုံးဒဏ်ရာရသူ တိုးလာနိုင်သေးကြောင်း သိရသည်။
အမေရိကန် ဘူမိဗေဒစစ်တမ်းအရ အဓိကငလျင်လှုပ်ခတ်ပြီး နှစ်နာရီခန့်အကြာတွင် ထိုဒေသ၌ အားကောင်းသော နောက်ဆက်တွဲငလျင်များ ဆက်တိုက်လှုပ်ခတ်ခဲ့သည်။ နောက်ဆက်တွဲငလျင် အကြိမ် ၁,၀၀၀ ကျော်လှုပ်ခတ်ခဲ့ရာတွင် အားအပြင်းဆုံး နောက်ဆက်တွဲငလျင်မှာ ပြင်းအား ၆ ဒသမ ၇ မဂ္ဂနီကျူ့ရှိကြောင်း သတင်းများကဆိုသည်။
Phivolcs ညွှန်ကြားရေးမှူး Teresito Bacolcol က ငလျင်သည် ယခုနှစ် ဖိလစ်ပိုင်တွင် လှုပ်ခတ်ခဲ့သော အားအပြင်းဆုံး ငလျင်အဖြစ် ဖော်ပြခဲ့ပြီး ပျက်စီးနေသည့် အဆောက်အအုံများဆီသို့ ချက်ချင်းမပြန်ရန် ဒေသခံများကို သတိပေးခဲ့သည်။
၎င်းက ပျက်စီးနေသော အိမ်များနှင့် အဆောက်အအုံများထဲသို့ ပြန်လည်ဝင်ရောက်ခြင်းမပြုမီ ပညာရပ်ပိုင်းဆိုင်ရာ အကဲဖြတ်မှုကို ရယူရန် ဒေသခံများကို အကြံပေးခဲ့ပြီး နောက်ဆက်တွဲငလျင်များအတွင်း အဆောက်အအုံများပြိုကျနိုင်သေးကြောင်း သတိပေးခဲ့သည်။
Ref : inquirer.net



