၉.၆.၂၀၂၆
Written by Linn Eain
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ ဇွန် ၉ ရက်၊ နံနက် ၁၀ နာရီတွင် စတင်ကျင်းပလျက်ရှိပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းလျက်ရှိကြောင်း သိရသည်။
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ဦးစွာ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင် နေရာယူပြီးနောက် ကတိသစ္စာမပြုရသေးသော အစားထိုး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် နှစ်ဦး ကတိသစ္စာပြုခဲ့ပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။
မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား ဦးထင်ကျော်သူအစား ဦးပြည့်ဖြိုးအောင်ဖြင့် လည်းကောင်း၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီး၀ဏ္ဏစိန်မြင့်အစား ဗိုလ်ကြီးကျော်သူနိုင်ဖြင့်လည်းကောင်း အစားထိုးခန့်အပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် အစည်းအဝေး မတက်ရောက်နိုင်သော တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် လေးဦးကိုယ်စား ခွင့်ပန်ကြားခဲ့ပြီး အစည်းအဝေးတက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား ၁၂၃ ဦးအနက် ၁၁၉ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်သို့ နှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက် ကြယ်ပွင့်ပြမေးခွန်းများကို လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခဲ့ကြပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားလျက်ရှိကြောင်း သိရသည်။
ကြယ်ပွင့်ပြမေးခွန်းများမှာ မဲဆန္ဒနယ်အမှတ်(၄) သာကေတမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှဝင်းမောင်က သာကေတမြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ် အမြန်ဆုံး တည်ထောင်ဖွင့်လှစ်ပေးပါရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်းကိုလည်းကောင်း၊ မရမ်းကုန်းမြို့နယ်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းထွန်းက “ရှုပ်ထွေး များပြားလျက်ရှိသော Wifi ကြိုးများရှင်းလင်းပြီး စနစ်ကျမှုရှိအောင် ဆောင်ရွက်ရန်နှင့် အလွယ်တကူ စည်းကမ်းမဲ့ကြိုးသွယ်တန်းလျက်ရှိသော Wifi ကုမ္ပဏီများကို ထိရောက်စွာ အရေးယူရန် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်းကိုလည်းကောင်း၊ ထန်းတပင်မြို့နယ်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးတိုင်းရ၏ “ထန်းတပင်မြို့နယ်၊ ပန်တိုင်ကျေးရွာသည် ကုက္ကိုဝမြစ်ကမ်းဘေးတွင်ရှိပြီး နှစ်စဉ်ရေတိုက်စား၍ ကမ်းပြိုလျှက် ရှိသဖြင့် မြစ်ကမ်းထိန်းနံရံ အရှည်ပေ (၂၀၀၀)ခန့်အား (၂၀၂၆/၂၀၂၇) ဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက်ပေးရန် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်းကိုလည်းကောင်း မေးမြန်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျောက်တံတားမြို့နယ်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က ရန်ကုန်တိုင်း ဒေသကြီးအတွင်းတွင် မော်တော်ယာဉ် စုံ/မစနစ်ဖြင့် ကန့်သတ်ထားမှုအား ပယ်ဖျက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်းကိုလည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဝင်းက သင်္ဃန်းကျွန်း မြို့နယ်၊ စံပြစီမံရပ်ကွက်၊ ငမိုးရိပ်ချောင်းကမ်းနားတွင် မြေထိန်းနံရံတည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်းကိုလည်းကောင်း၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးလှထွန်း၏က ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ သုံးခွရပ်ကွက်၊ အမှတ်(၇)လမ်းပေါ်ရှိ မော်တော်ယာဉ်သွားလမ်း၊ လူသွားလမ်းအား ၄၈ ပေအကျယ်၊ လမ်းနယ်ချဲ့ထွင်ပေးရန် အစီအစဉ်ရှိ/မရှိ၊ တံခါးပိတ်မောင်းတံများ ပြင်ဆင်ဆောင်ရွက်ပေးခြင်း၊ ကျွမ်းကျင်ဝန်ထမ်းများ ခန့်အပ်ခြင်းနှင့် မီးအချက်ပြ၊ အသံအချက်ပြစနစ်များ တပ်ဆင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်းကိုလည်းကောင်း မေးမြန်းခဲ့ကြောင်း သိရသည်။
ယင်းနောက် ကွမ်းခြံကုန်းမြို့နယ်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်လင်းက ကွမ်းခြံကုန်းမြို့နယ်၊ ကညင်ကုန်းကျေးရွာအုပ်စု၊ ဆယ်အိမ်တန်းကျေးရွာရှိ “ဆယ်အိမ်တန်း” ကမ်းခြေ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်းကိုလည်းကောင်း မေးမြန်းခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်အစီအစဉ်များ ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။
