◾ တောင်ငူတွင် မြို့သစ် ဖော်ဆောင်နေမှုနှင့် ရထားလမ်းသစ်ပါ ဖောက်လုပ်မည်ဖြစ်
သတိုး
၇. ၆. ၂၀၂၆
တောင်ငူ၊ နေပြည်တော်၊ ရမည်းသင်း၊ မိတ္ထီလာဒေသတို့ကို အထူး ဖွံ့ဖြိုးရေးဒေသများအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန် ရည်မှန်းချက်ထား၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇွန်လ ၆ ရက်နေ့တွင် တောင်ငူဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ သွားရောက်ကြည့်ရှုစစ်ဆေး၊လိုအပ်သည်များလမ်းညွှန်မှာကြားစဥ် ပြောကြားသည်။
မိမိအနေဖြင့် တောင်ငူ၊ နေပြည်တော်၊ ရမည်းသင်း၊ မိတ္ထီလာဒေသတို့ကို အထူး ဖွံ့ဖြိုးရေးဒေသများအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန် ရည်မှန်းချက်ထား၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုဒေသများမှတဆင့် အခြားမြို့များကိုလည်း ဆင့်ကဲအထူးဖွံ့ဖြိုးတိုးတက်သောဒေသများအဖြစ် ဖြစ်ပေါ်လာစေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ တောင်ငူ၊ နေပြည်တော်၊ ရမည်းသင်း၊ မိတ္ထီလာဒေသတို့အနေဖြင့် စံနမူနာပြ အထူးဖွံ့ဖြိုးရေးဒေသများအဖြစ် ဖြစ်ပေါ်လာစေရေးကြိုးပမ်းဆောင်ရွက် သွားကြရန်လိုကြောင်း၊ နိုင်ငံတော်၏ အထက်ပိုင်း၊ အောက်ပိုင်း၊ အရှေ့ပိုင်း၊ အနောက်ပိုင်း စသည့်ဒေသများသို့လက်လှမ်းမီချိတ်ဆက်နိုင်သည့် အလယ်ဗဟိုချက်နှင့် မြေလတ်ဒေသများလည်းဖြစ်သည့်အတွက်လည်း အောင်မြင်နိုင်မည့် ရေခံမြေခံနှင့် အခြေခံကောင်းများကို ပိုင်ဆိုင်ထားရှိပြီး ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများအနေဖြင့်လည်း မိမိတို့ကွပ်ကဲမှုလက်လှမ်းမီရာဒေသများအလိုက် ဖွံ့ဖြိုးတိုးတက်မှု ပိုမိုအားကောင်းလာစေရေးစနစ်တကျစီမံဆောင်ရွက်သွားကြရန်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။




ထို့အပြင် မိမိတို့အနေဖြင့် နိုင်ငံတော်၏ တာဝန်များကို ထမ်းရွက်နေရသည့်ကာလအတွင်း မှတ်ကျောက်တင်ခံနိုင်သည့် အစိုးရတစ်ရပ်ဖြစ်စေရေး၊ နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးကိုဖော်ဆောင်ပေးနိုင်သည့် အစိုးရ တစ်ရပ်ဖြစ်စေရေး ကြိုးစားဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထိုခရီးစဥ်အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က တောင်ငူမြို့၊ မြို့သစ်ဖော်ဆောင်ရေးအတွက် Town Plan ရေးဆွဲဆောင်ရွက်ထားရှိမှု၊ မြို့သစ်စီမံကိန်းအတွင်း မီးရထားလမ်းအသစ် ဖောက်လုပ်ရေးဆောင်ရွက်ထားရှိမှု၊ အုပ်ချုပ်မှုဆိုင်ရာအစိုးရရုံးဌာနများ၊ ဆေးရုံများ၊စာသင်ကျောင်းများ၊ ဝန်ဆောင်မှု ဆိုင်ရာနေရာများ၊ အပန်းဖြေ ရန်နေရာများ၊ စိမ်းလန်းနေရာများ ထည့်သွင်းဆောင်ရွက်ထားရှိမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်ဟုလည်း သိရသည်။
နိုင်ငံတော်သမ္မတနှင့် တာဝန်ရှိသူများသည် တောင်ငူဒေသဖွံ့ဖြိုးရေးခရီးစဥ်အတွင်း တောင်ငူမြို့ရှောင်ရထားလမ်းနှင့် တောင်ငူဘူတာအသစ်ဆောက်လုပ်မည့်နေရာအား သွားရောက်ကြည့်ရှုစစ်ဆေးမှု၊ နေပြည်တော်-တောင်ငူမီးရထားလမ်းပိုင်း အဆင့်မြှင့်တင်ထားရှိမှု၊ တောင်ငူခရိုင်အားကစားကွင်းအဆင့်မြှင့်တင်နိုင်ရေးဆောင်ရွက်နေမှုနှင့် ကေတုမတီမြို့ဟောင်းနှင့်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းရေး စသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ဆွေးနွေးကြည့်ရှုကာ နိုင်ငံတော်သမ္မတက ပြည်ထောင်စုဝန်ကြီးများနှင့် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
