နေမိုး
၇. ၆. ၂၀၂၆
နေအိမ်တွင်ရှိနေသော လက်နက်မဲ့အဘိုးအိုတစ်ဦးကို ဒလန်ဟုစွပ်စွဲကာ ပဲခူး PDF ခုနစ်ဦးက ပစ်ခတ် သတ်ဖြတ်လိုက်မှု သဲကုန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
NUG ဩဇာခံ ပဲခူး PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ် ဇွန် ၄ ရက် နံနက် ၇ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ လင်းလဲကျေးရွာနေ ဦးခင်ဝင်း(၆၇)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ခုနစ်ဦး ရောက်ရှိလာပြီး “ဒလန်” ဟု စွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးခင်ဝင်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းသည် နိုင်ငံ့ဝန်ထမ်းများ၊ ရပ်ကျေးတာဝန်ရှိသူများနှင့် လက်နက်မဲ့ပြည်သူများကို NUG ဩဇာခံ PDF များက သတ်ဖြတ်မှု အများဆုံးကျူးလွန်နေသည့် တိုင်းတစ်တိုင်းဖြစ်သော်လည်း ဖမ်းဆီးရမိမှုနည်းပါးသည်။
နောက်ဆုံးထုတ်ပြန်ချက်များအရ နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှိ၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။
