သတိုး
၇. ၆. ၂၀၂၆
ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ဘန်ဗန်းမြို့နယ်ရှိ လုပ်ငန်းခွင်တစ်ခုတွင် လုံခြုံရေးဝန်ထမ်းအား တိုက်ခိုက်ကာ ကြိုးတုပ်ချုပ်နှောင်ပြီးနောက် ဘတ် ၆ သိန်းခန့် တန်ဖိုးရှိ လျှပ်စစ်ကေဘယ်လ်ကြိုးများကို ခိုးယူခဲ့သည်ဟု စွပ်စွဲခံထားရသော မြန်မာဂိုဏ်းဝင် ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။
ဇွန်လ ၄ ရက်နေ့ နံနက် ၀၁း၂၃ နာရီမှ ၀၂း၂၀ နာရီအတွင်း ဖြစ်ပွားခဲ့သော အဆိုပါဖြစ်ရပ်၏ CCTV မှတ်တမ်းများအရ လူ ၁၀ ဦးထက်မနည်းသည် မော်တော်ယာဉ်တစ်စီးကို ဝိုင်းရံထားပြီးနောက် လုံခြုံရေးဝန်ထမ်းအား တိုက်ခိုက်ကာ ၎င်း၏ လက်နှင့်ခြေထောက်များကို တုပ်နှောင်ခဲ့ကြသည်။ ထို့နောက် စောင့်ဆိုင်းနေသည့် ပစ်ကပ်ထရပ်ကား နှစ်စီးပေါ်သို့ အသစ်စက်စက် လျှပ်စစ်ကေဘယ်လ်ကြိုး အမြောက်အမြားကို တင်ဆောင်သွားခဲ့ကြသည်။

ဘန်ဗန်းနှင့် ချွန်ဘူရီခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးရေးမှူးများသည် တရားခံများ ထွက်ပြေးသည့် လမ်းကြောင်းတစ်လျှောက်ရှိ CCTV မှတ်တမ်းများကို ပြန်လည်စစ်ဆေးခဲ့ရာ ဇွန်လ ၆ ရက်နေ့ ညနေ ၁၇း၃၀ နာရီခန့်တွင် ဖြစ်ပွားမှု၌ ပါဝင်သည့် ယာဉ်တစ်စီးသည် ဘန်ဆူရဆက် – ဖန်ဆာဒက်နောက်လမ်းဘေးရှိ အဟောင်းဆိုင်တစ်ဆိုင်သို့ ကွေ့ဝင်သွားသည်ကို တွေ့ရှိခဲ့သည်။ အဆိုပါယာဉ်၏ လိုင်စင်နံပါတ်ကို စစ်ဆေးရာမှတစ်ဆင့် လိပ်စာပါ ရယောင်းခရိုင်၊ ပလွက်ဒန်းမြို့နယ်၊ တာစစ်တိုက်နယ်၊ မူ ၂ ရှိ ခေါင်နွိုင်း ၇ လမ်းကြားသို့ ရဲတပ်ဖွဲ့က လိုက်လံစုံစမ်းနိုင်ခဲ့သည်။
ရဲအရာရှိများ လမ်းကြားထဲသို့ ဝင်ရောက်လာစဉ် CCTV တွင် ပါရှိသော လိုင်စင်နံပါတ်နှင့် တူညီသည့် မီးခိုးရောင် အီဆူဇူးကားတစ်စီးသည် ၎င်းတို့ထံသို့ မောင်းနှင်လာခဲ့သည်။ ရဲတပ်ဖွဲ့က ယာဉ်ကို တားဆီးစစ်ဆေးခဲ့ရာ ကားမောင်းသူ ရဲထွေး (၃၄ နှစ်) နှင့်အတူ ၎င်း၏ ရည်းစားဖြစ်သူ၊ ကလေးတစ်ဦးကို ချီထားသည့် ရည်းစားဖြစ်သူ၏ ညီမတို့ကို တွေ့ရှိခဲ့ရသည်။
ရဲထွေးအား စစ်ဆေးမေးမြန်းရာမှတစ်ဆင့် ကျန်သံသယရှိသူ ၃ ဦးဖြစ်သည့် စိုင်းထက်အောင် (၂၇ နှစ်)၊ ဝေယံ (၁၈ နှစ်) နှင့် ရဲကိုလင်း (၃၄ နှစ်) တို့ကို ရဲတပ်ဖွဲ့က ဆက်လက်ဖမ်းဆီးနိုင်ခဲ့သည်။ ၎င်းတို့ ၄ ဦးစလုံးသည် ဓားပြတိုက်မှုတွင် ပါဝင်ခဲ့ကြောင်း ဝန်ခံခဲ့ကြသည်။ ‘မောင်’ ဟုသာ သိရသည့် ခေါင်းဆောင်အပါအဝင် ကျန်ရှိနေသည့် ဂိုဏ်းဝင်များသည် လွတ်မြောက်နေဆဲဖြစ်သည်။
ဘန်ဗန်းရဲစခန်းမှ ရဲမှူးကြီး ကရစ် မာဆွတ်က သံသယရှိသူအားလုံးသည် မြန်မာရွှေ့ပြောင်းလုပ်သားများဖြစ်ပြီး ဓားများသုံးကာ လုံခြုံရေးဝန်ထမ်းအား ခြိမ်းခြောက်ချုပ်နှောင်ခဲ့ကြကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ယခုဂိုဏ်းသည် ခလောင်ကျို၊ နောင်ယိုင်နှင့် ပလွက်ဒန်းရဲစခန်းများ၏ စီရင်ပိုင်ခွင့်နယ်မြေအတွင်း ဖြစ်ပွားခဲ့သော အလားတူဖြစ်ရပ်များစွာနှင့်လည်း ဆက်စပ်မှုရှိနိုင်ကြောင်း ယူဆရသည်။ ယခုတရားခံများကို ဖြစ်ပွားပြီး ၂ ရက်အတွင်း၌ပင် အလျင်အမြန် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
Ref: Khaosod
