
၇.၆.၂၀၂၆
Translated by Htwe Ko Tun
အီရန်နိုင်ငံရဲ့ တိုက်ခိုက်မှုတွေကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ ပင်လယ်ကွေ့မဟာမိတ်နိုင်ငံတွေမှာ စစ်ပွဲအတွင်း ပျက်စီးဆုံးရှုံးမှုတွေကို ပြန်လည်တည်ဆောက်ဖို့နဲ့ ပြုပြင်ဖို့အတွက် အမေရိကန်အစိုးရဟာ ထိန်းချုပ်ထားတဲ့ အီရန်ပိုင်ဆိုင်မှုတွေကို အသုံးပြုဖို့မျက်စိကျနေတယ်လို့ ထိုကိစ္စနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုက ဇွန်လ ၆ ရက်က ပြောကြားခဲ့ပါတယ်။ ဒီသတင်းထွက်ပေါ်လာပြီးနောက်မှာပဲ အီရန်က ကူဝိတ်နဲ့ ဘာရိန်းတို့ကို ဒရုန်းများ ထပ်မံပစ်လွှတ်ကာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့တ် ဘက်စ်ဆန့် က အီရန်ရဲ့တိုက်ခိုက်မှုကြောင့် ပင်လယ်ကွေ့ မဟာမိတ်နိုင်ငံတွေမှာ ထိခိုက်နစ်နာမှုတွေ ပြန်လည်တည်ဆောက်ဖို့ ကုန်ကျစရိတ်တွေကို အကဲဖြတ်ဖို့ အဖွဲ့တစ်ဖွဲ့ကို ညွှန်ကြားခဲ့တဲ့အပြင် အမေရိကန်ဟာ အနာဂတ်ပျက်စီးဆုံးရှုံးမှုတွေကို ပြုပြင်ဖို့အတွက် အီရန်ပိုင်ဆိုင်မှုတွေကို အသုံးပြုဖို့ စဉ်းစားမယ်လို့ သတင်းရင်းမြစ်ကဆိုပါတယ်။
အီရန် အထွတ်အထိပ်ခေါင်းဆောင်၏ အကြံပေးတစ်ဦးဖြစ်သူ မိုဆန် ရီဇာအီက သုံးလကြာစစ်ပွဲကို အဆုံးသတ်ဖို့ ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရေးက အမေရိကန်အနေနဲ့ ပိတ်ဆို့ထားတဲ့ အီရန်ပိုင်ဆိုင်မှု ဒေါ်လာ ၂၄ ဘီလျံကို လွှတ်ပေးဖို့အပေါ် မူတည်တယ်လို CNN ကို ပြောကြားပြီးနောက် တစ်ရက်အကြာမှာပဲ ခုလို သတင်းရင်းမြစ်ကထုတ်ဖော်မှု ထွက်ပေါ်လာတာပါ။
ထိန်းချုပ်ထားတဲ့အီရန်ပိုင်ဆိုင်မှုတွေကို ခုလိုပြန်လည်လမ်းကြောင်းပြောင်းအသုံးပြုဖို့ ခြိမ်းခြောက်တာက အမေရိကန်နဲ့ အီရန်အကြား ပျက်စီးလွယ်တဲ့ အပစ်အခတ်ရပ်စဲရေးကို ပိုလို့အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ကြားဝင်စေ့စပ်ပေးသူ ပါကစ္စတန်မှ ဝန်ကြီးတစ်ဦးဟာ အီရန်ရဲ့ အထွတ်အထိပ်ခေါင်းဆောင် အယာတိုလာ မိုဂျ်တာဘာ ခါမေနီအတွက် စာတစ်စောင်ဖြင့် ဇွန်လ ၆ ရက်မှာ တီဟီရန်ကို သွားရောက်ခဲ့ပေမယ့် ငြိမ်းချမ်းရေးလုပ်ငန်းရပ်တန့်နေပုံရတယ်လို့ အီရန်မှ ISNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
Ref- Reuters
