သက်တံ့
၇. ၆. ၂၀၂၆
အမြန်လမ်းတွင် Express ယာဥ်များနှင့် အိမ်စီးယာဥ်များ ခြောက်စီးဆင့်တိုက်မှုဖြစ်ပွားရာမှ လူ ကိုးဦး ဒဏ်ရာရမှု ယမန်နေ့ညက ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရှိရသည်။
ဖြစ်စဥ်မှာ ဇွန် ၆ ရက် ည ၉ နာရီခွဲအချိန်ခန့်က နေပြည်တော်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၂၂၁/၇)အနီးတွင် ကောင်းမြတ်မန်း Express ယာဉ်သည် မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ Guard Rail တန်းအား ဝင်ရောက်တိုက်မိပြီး ကန့်လန့်ဖြတ်အနေအထားဖြင့် အမြန်လမ်းကြီးပေါ်တွင် ရပ်တန့်သွားစဉ် အမြန်ယာဉ်ကြောတွင် ရပ်တန့်ထားသော Toyota Alphard (အဖြူရောင်)၊ အနှေးယာဉ်ကြောတွင် ရပ်တန့်ထားသော Toyota Harrier (အဖြူရောင်)ယာဉ်နှင့် Isuzu အမျိုးအစား(အဖြူရောင်)ယာဉ် စုစုပေါင်းယာဉ်(၃)စီးတို့အား လားရာတူနောက်မှ မောင်းနှင်လာသော သိန်းသန်းကုဋေ Express ယာဉ်နှင့် ဇေယျာမြိုင်ကြီး Express ယာဉ်တို့မှ ထပ်ဆင့်တိုက်မိပြီး ယာဉ်(၆)စီးဆင့်တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်နေရာသို့ ပန်းတင်အမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ယာဉ်(၆)စီးဆင့် တိုက်မိမှုကြောင့် ဇေယျာမြိုင်ကြီး Express ယာဉ်မှ ခရီးသည် အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၅) ဦး ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ)နှင့် သိန်းသန်းကုဋေ Express ယာဉ်မှ အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ)တို့အား ရဲတပ်ဖွဲ့ပိုင်ယာဉ်နှင့် သုခဒါနလူမှုကူညီရေးအသင်းမှ ယာဉ်တို့ဖြင့် နေပြည်တော် ခုတင်(၁၀၀၀)သို့ ကူညီပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
ဖြစ်စဥ်အတွင်း ကောင်းမြတ်မန်း Express ယာဉ်၊ Toyota Alphard (အဖြူရောင်)ယာဉ်၊ Toyota Harrier (အဖြူရောင်)ယာဉ်နှင့် Isuzu (အဖြူရောင်)ယာဉ်(၄)စီးတို့မှ ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းလည်း သိရသည်။
