နေမိုး
၇. ၆. ၂၀၂၆
ပျူစောထီးခေါင်းဆောင်ဆိုသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးလာစဥ် ထွက်ပြေးသည်ခေါင်းစဥ်တပ်ကာ သတ်ဖြတ်လိုက်ကြောင်း NUG ဩဇာခံ ပဲခူး PDF အဖွဲ့ဖြစ်သော ပဲခူးတိုင်းစစ်ဌာနက ကြေညာချက်ထုတ် ဝန်ခံလာသည်။
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့အပိုင် ခွေးရဲရွာမအုပ်စု၊ ချဉ်ရုတ်ကုန်းရွာနေ ပျူစောထီးခေါင်းဆောင် စိုင်းသီဟ(ခ)ချိုကြီးသည် ဇွန် ၄ ရက်နေ့တွင် ပေါင်းတလည်မြို့ရဲစခန်းမှ ချဉ်ရုတ်ကုန်းရွာသို့ ပြန်လာသည်ကို သတင်းကြိုတင်ရရှိ၍ ဗျူဟာ(၂၁) ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်တပ်ရင်း(၂)၊ တပ်ခွဲ(၃) နှင့် ပြည်ခရိုင်တပ်ရင်း(၁)၊ တပ်ခွဲ(၃) PDF များမှ သွားရောက်စောင့်ဆိုင်း ဖမ်းဆီးခဲ့ပြီး စစ်ဆေးမေးမြန်းရန် စခန်းသို့ ခေါ်ဆောင်လာစဉ် စီးလာသည့် ဆိုင်ကယ်အား ဆွဲလှဲ၍ လက်နက်လုယူထွက်ပြေးရန် ကြံစည်သည့်အတွက် လမ်းခရီးတစ်ဝက်တွင်ပင် ပစ်ခတ် သတ်ဖြတ်လိုက်သည်ဟု ကျူးလွန်သည့် ပဲခူးတိုင်းစစ်ဌာန၏ ဝန်ခံချက်က ဖော်ပြသည်။
ပြည်သူ့စစ် (ပျူစောထီး) ခေါင်းဆောင် စိုင်းသီဟ(ခ)ချိုကြီးမှာ PDF များကို Facebook ပေါ်မှ စိန်ခေါ်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့များနှင့်အတူ ပေါ်တာလိုက်ဆွဲပေးခြင်း၊ ပေါင်းတလည်မြို့ အထကကျောင်းရှေ့တွင် တပ်စွဲထားသော စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်ခြင်း၊ ၂ လုံး၊ ၃လုံး လောင်းကစားဒိုင်များအား လိုင်းကြေးကောက်ကာ လုံခြုံရေးတပ်ဖွဲ့များအား ထောက်ပံ့ခြင်းများကို ပြုလုပ်နေသူဖြစ်သလို ပြည်သူ့စစ်သင်တန်း အပတ်စဉ်(၁)ကို ခလရ-၇၅ ပြည်-ဒကစတွင် တက်ရောက်ထားသူဖြစ်ပြီး တပ်မတော်က ပေးအပ်သည့် လစာငွေ ၂၇ဝ,ဝဝဝကျပ်နှင့် ဆန် ၈ ပြည်၊ ဆီ ၅ဝ ကျပ်သားကို ရရှိသူလည်း ဖြစ်သည်ဟု ပဲခူးတိုင်းစစ်ဌာနက စွပ်စွဲထားသော်လည်း MT News အနေဖြင့် ထိုစွပ်စွဲချက်များ မှန် မမှန် မြေပြင်အတည်မပြုနိုင်ဘဲ ပဲခူး PDF များ၏ လူတစ်ဦးအား ဖမ်းဆီးသတ်ဖြတ်မှု ကျူးလွန်ခြင်းကိုသာ ပဲခူးတိုင်းစစ်ဌာန ဝန်ခံချက်အရ ပြန်လည်ဖော်ပြခြင်းဖြစ်သည်။
