


သက်တံ့
၇. ၆ . ၂၀၂၆
ဂျပန်နိုင်ငံရှိ ဆာကူရာဂျီးမား (Sakurajima) မီးတောင်၏ မီနာမိဒက်ကေ (Minamidake) ထိပ်ဝတွင်း၌ ယနေ့ ဇွန်လ ၇ ရက်တွင် မီးတောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ကာဂိုရှီးမား (Kagoshima) မြို့ပေါ်သို့ မီးတောင်ပြာများ အပြင်းအထန်ကျရောက်ခဲ့ပြီး တစ်မြို့လုံး ပြာပူဖုံးလွှမ်းကာ မြင်ကွင်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကာဂိုရှီးမားဒေသခံ မိုးလေဝသစောင့်ကြည့်ရေးစခန်း၏ ထုတ်ပြန်ချက်အရ ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သော ပြင်းထန်သည့် မီးတောင်ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသည့် မီးတောင်မီးခိုးတန်းနှင့် ပြာခိုးတန်းသည် မီးတောင်ဝအထက် ပေ ၄,၃၀၀ ခန့်အထိ ရောက်ရှိခဲ့ကြောင်း သိရသည်။
ဂျပန်မိုးလေဝသအေဂျင်စီ (JMA) က အဆိုပါမီးတောင်အတွက် အဆင့် (၃) မီးတောင်သတိပေးချက် (Volcanic Alert Level 3) ကို ဆက်လက်သတ်မှတ်ထားပြီး မီးတောင်ဝအနီးသို့ သွားလာခွင့်ကို ကန့်သတ်ထားသည်။ ယင်းကန့်သတ်ချက်ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက် ဂျပန်စံတော်ချိန် ည ၈ နာရီကတည်းက စတင်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
မိုးလေဝသစခန်း၏ ပြောကြားချက်အရ မီးတောင်ပေါက်ကွဲမှုသည် ဇွန်လ ၇ ရက် ဒေသစံတော်ချိန် ၀၆း၅၂ နာရီ (ဇွန်လ ၆ ရက်၊ ၂၁း၅၂ UTC) တွင် စတင်ခဲ့ပြီး ၀၇း၅၅ နာရီခန့်အထိ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မီးတောင်ပြာများသည် ကာဂိုရှီးမားမြို့ဘက်သို့ လွင့်ပါးလာခဲ့သဖြင့် မြင်ကွင်းပိတ်ခြင်းများနှင့်အတူ လမ်းမများ၊ မော်တော်ကား၊ စက်ဘီးများနှင့် အမိုးအကာမရှိသော မျက်နှာပြင်များပေါ်တွင် ပြာများဖုံးလွှမ်းကျရောက်ခဲ့ကြောင်း သတင်းရရှိသည်။
နေ့ခင်းပိုင်းတွင် ဆာကူရာဂျီးမားမီးတောင်အနီးရှိ လေဦးတည်ရာ လမ်းကြောင်းပြောင်းလဲသွားခဲ့ပြီး ပြာခိုးတန်းများသည် အရှေ့ဘက် တာရူမီဇူ (Tarumizu) နှင့် ကာနိုယာ (Kanoya) ဒေသများဘက်သို့ ဦးတည်သွားခဲ့သည်။ ထို့ကြောင့် ကာဂိုရှီးမားမြို့ပေါ်သို့ ပြာအသစ်များ ထပ်မံကျရောက်မှုမှာ မွန်းလွဲပိုင်းတွင် လျော့ပါးသွားမည်ဟု မျှော်လင့်ရသော်လည်း၊ ယခင်ကျရောက်ပြီးသား ပြာဟောင်းများမှာ လေတိုက်ပါက ပြန်လည်လွင့်ပျံနိုင်ခြေ ရှိနေဆဲဖြစ်သည်။
JMA အနေဖြင့် မီနာမိဒက်ကေနှင့် ရှိုဝါ (Showa) မီးတောင်ဝများ၏ ၂ ကီလိုမီတာ (၁.၂ မိုင်) ပတ်လည်အတွင်း မီးတောင်ကျောက်ခဲကြီးများ ကျရောက်နိုင်ခြင်းနှင့် မီးတောင်ချော်ပူလှိုင်းများ (Pyroclastic flows) စီးဆင်းနိုင်ခြင်းတို့အတွက် ဆက်လက်သတိပေးထားသည်။ ထို့အပြင် လေအောက်ဘက်အရပ်များတွင် မီးတောင်ပြာများနှင့် ကျောက်ခဲငယ်များ ကျရောက်နိုင်ခြင်း၊ ပေါက်ကွဲမှုကြောင့်ဖြစ်သော လေဖိအားလှိုင်းများကြောင့် မှန်ပြတင်းပေါက်များ ကွဲအက်နိုင်ခြင်းတို့အပြင် မိုးရွာသွန်းပါက ကျရောက်နေသော ပြာများနှင့်ရောနှောကာ မီးတောင်ရွှံ့မီးချော်စီးဆင်းမှု (Lahars) များ ဖြစ်ပွားနိုင်ကြောင်း အေဂျင်စီက သတိပေးထားသည်။
ယနေ့ UTC ၀၁း၃၈ နာရီတွင် ထုတ်ပြန်ခဲ့သော တိုကျို VAAC ၏ သတိပေးချက်အရ ကာဂိုရှီးမားလေဆိပ် (RJFK) ၏ တောင်ဘက် ၅၆ ကီလိုမီတာ (၃၅ မိုင်) အကွာ၊ အမြင့်ပေ ၁၀,၀၀၀ ခန့် (၃ ကီလိုမီတာ) တွင် မီးတောင်ပြာများကို တွေ့ရှိရပြီး၊ ၎င်းပြာများသည် အရှေ့ဘက်သို့ ပျံ့နှံ့နေကြောင်း ဖော်ပြသည်။ ထို့နောက် ၀၂း၂၁ UTC တွင် ထုတ်ပြန်သော နောက်ဆက်တွဲသတိပေးချက်တွင် ၀၂း၀၆ UTC ပေါက်ကွဲမှုကြောင့် ပြာများသည် အမြင့်ပေ ၈,၀၀၀ (၂.၄ ကီလိုမီတာ) ခန့်အထိ ရောက်ရှိကာ အရှေ့တောင်ဘက်သို့ ပျံ့နှံ့သွားကြောင်း ဖော်ပြထားသည်။
ဇွန်လ ၇ ရက်နေ့က ကာဂိုရှီးမားလေဆိပ်၏ လေကြောင်းခရီးစဉ်အချို့ ဖျက်သိမ်းခြင်းနှင့် ကြန့်ကြာမှုများ ရှိခဲ့သော်လည်း၊ လေဆိပ်နှင့် လေကြောင်းလိုင်း တာဝန်ရှိသူများက ယင်းနှောင့်နှေးမှုများသည် ဆာကူရာဂျီးမားမီးတောင်ပြာကြောင့်ဟု တိုက်ရိုက်အတည်ပြု ပြောကြားခြင်းမရှိပေ။
Ref : The Watchers
