
၅.၆.၂၀၂၆
Written by Linn Eain
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် လဝကရုံးတွင် ၁၈ နှစ်ပြည့်မှတ်ပုံတင်ပြုလုပ်မှုနှင့် ပတ်သက်၍ ပြင်ပတွင် အမှန်တကယ်မရှိသည့် အမည်များ အသုံးပြု လုပ်ကြံဖန်တီးရေးသားခဲ့သည့် CJ အမည်ရှိ TikTok အကောင့်နှင့် အကောင့်တုများကို တည်ဆဲဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖေ့စ်ဘွက်ခ်စာမျက်နှာတွင် ဇွန် ၅ ရက်က အသိပေးကြေညာထားသည်။
လူမှုကွန်ရက် TikTok တွင် CJ အမည်ရှိအကောင့်မှ မေ ၃၀ ရက်(စနေနေ့)တွင် ပုသိမ်မြို့နယ် လဝကရုံးသို့ အနောက်တောင်တိုင်းစစ်ဋ္ဌာနချုပ်မှ ဗိုလ်မှူးစိုးမင်းဦး၏ သမီးဖြစ်သူ မမြသဲခိုင်သည် အသက်(၁၈)နှစ်ပြည့်မှတ်ပုံတင် လာရောက်ဆောင်ရွက်ခဲ့ရာ လဝကရုံး တိုက်နယ်မှူးမှ ငွေကျပ်(၈) သောင်း တောင်းခံခဲ့ကြောင်း၊ ၎င်းတိုက်နယ်မှူးအား စစ်ဆေးလျက်ရှိကြောင်း သတင်းတင်ထားသည်ကို တွေ့ရှိသဖြင့် စိစစ်ခဲ့ကြောင်း သိရသည်။
ထိုသို့ စိစစ်မှုများအရ မေ ၃၀ ရက်သည် စနေနေ့ ရုံးပိတ်ရက်ဖြစ်ပြီး ယင်းနေ့က ပုသိမ်မြို့နယ် လဝက ရုံးသို့ မည်သည့်ပြည်သူတစ်ဦးတစ်ယောက်မျှ လာရောက် မှတ်ပုံတင်ပြုလုပ်ခဲ့ခြင်းမရှိကြောင်း၊ ရုံးမှတ်တမ်းများအရ မေ ၄ ရက်နေ့မှ ဇွန်၂ ရက်နေ့အတွင်း ပြည်သူ(၃၂၇၃)ဦးအား နိုင်ငံသားစိစစ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီး အဘဦးစိုးမင်းဦး၏ သမီး မမြသဲခိုင်အမည်ဖြင့် မှတ်ပုံတင်လာရောက်ဆောင်ရွက်ခဲ့သူမရှိကြောင်း အသိပေးကြေညာမှုအရ သိရသည်။
ထို့ပြင် ဋ္ဌာန၏ e-ID Server တွင်လည်း မမြသဲခိုင်၊ အဘအမည် ဦးစိုးမင်းဦး အမည်နှင့် တူညီသူ မရှိကြောင်း၊ အနောက်တောင်တိုင်းစစ်ဋ္ဌာနချုပ်တွင် ဗိုလ်မှူးစိုးမင်းဦး အမည်ဖြင့် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိမရှိကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ၎င်း CJ အကောင့်တွင် တင်ခဲ့သည့်သတင်းမှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဋ္ဌာနမှ ကွင်းဆင်းလုပ်ဆောင်နေသည့် လမင်းစီမံချက်အား ပြည်သူများအနေဖြင့် ထင်ယောင်ထင်မှားဖြစ်စေရန်နှင့် ပြင်ပတွင် အမှန်တကယ်မရှိသည့် မမြသဲခိုင်အမည်ဖြင့် လုပ်ကြံဖန်တီးရေးသားထားသည့် သတင်းတု၊ သတင်းမှားသာဖြစ်ကြောင်းနှင့် အဆိုပါအကောင့်တုများအား ဌာနအနေဖြင့် တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လဝက ရုံးများတွင် နိုင်ငံသားစိစစ်ရေးကတ်များ လာရောက်ဆောင်ရွက်မည့် ပြည်သူများအနေဖြင့် သိရှိရန်လိုအပ်သည့်အချက်များ၊ အကောင့်တုများ၊ ပွဲစားများဖြင့် ဆောင်ရွက်ခြင်းမပြုရန်နှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားပြုလုပ်ရာတွင် ဝန်ထမ်းများမှ ငွေတောင်းခံခြင်း၊ မသမာမှုပြုလုပ်ခြင်းများ အတွက်ကိုလည်း တိကျစွာတိုင်ကြားနိုင်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန၏ Facebook Account ဖြစ်သော လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့နှင့် MRTV သတင်းတို့တွင် မေ ၄ ရက်က အသိပေးထုတ်ပြန်ထားသည်။
