သက်တံ့
၅. ၆. ၂၀၂၆.
Kasikorn သုတေသနစင်တာ (Kasikorn Research Center) ၏ ခန့်မှန်းချက်များအရ ယခု ၂၀၂၆ ခုနှစ်အတွင်း ထိုင်းနိုင်ငံရှိ နိုင်ငံခြားသားများ ကွန်ဒိုမီနီယံ လွှဲပြောင်းရယူမှုနှုန်း (ဝယ်ယူမှုနှုန်း) သည် ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ကြောင်း သိရသည်။ ယင်းသည် ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် နှစ်အလိုက် လွှဲပြောင်းမှုနှုန်း ကျဆင်းလာခြင်း ဖြစ်သည်။
ယခုနှစ် ပထမသုံးလပတ် (Q1) အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံခြားသား ကွန်ဒိုလွှဲပြောင်းယူမှုမှာ ၃,၂၄၁ ယူနစ်ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၇ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။
ဘန်ကောက်နှင့် ပတ်ဝန်းကျင်ခရိုင်များတွင် ကွန်ဒိုလွှဲပြောင်းယူမှုမှာ ၃၅ ရာခိုင်နှုန်းအထိ သိသိသာသာကျဆင်းခဲ့ပြီး ၁,၂၃၉ ယူနစ်သာ ရှိခဲ့သည်။ ထိုသို့ ကျဆင်းရခြင်းမှာ ဘန်ကောက်ဒေသအတွင်း နိုင်ငံခြားသား ကွန်ဒိုလွှဲပြောင်းယူမှုစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းခန့်ကို ဝယ်ယူထားကြသည့် တရုတ်နှင့် မြန်မာဝယ်ယူသူများဘက်မှ ဝယ်လိုအား ကျဆင်းသွားခြင်းကြောင့် ဖြစ်သည်။
သို့သော် ဘန်ကောက်ဒေသ ပြင်ပရှိ အခြားခရိုင်များတွင်မူ လွှဲပြောင်းရယူမှု ၁ ရာခိုင်နှုန်းသာ ကျဆင်းခဲ့သည်။ ချွန်ဘူရီတွင် ဝယ်လိုအား အနည်းငယ်လျော့နည်းသွားသော်လည်း၊ ဖူးခက်တွင်မူ စီမံကိန်းအသစ်များ အပြီးသတ်နိုင်ခဲ့ခြင်းနှင့် ရုရှား၊ ပြင်သစ်၊ ဂျာမနီနှင့် ဗြိတိန်တို့မှ ဥရောပတိုက်သား ဝယ်ယူသူများကြောင့် ဝယ်လိုအား ဆက်လက်မြင့်တက်နေသည်။
ယခုနှစ် ပထမသုံးလပတ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံခြားသား ကွန်ဒိုလွှဲပြောင်းမှု တန်ဖိုးမှာ ဘတ် ၁၃ ဘီလျံရှိခဲ့ပြီး ယမန်နှစ်ကာလတူထက် ၁၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ ကွန်ဒိုတစ်ယူနစ်ချင်းစီ၏ ပျမ်းမျှစျေးနှုန်းမှာလည်း ၀ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဘတ် ၄ ဒသမ ၁၅ သန်း ရှိခဲ့သည်။
ဘန်ကောက်နှင့် ပတ်ဝန်းကျင်ဒေသများတွင် လွှဲပြောင်းမှုတန်ဖိုး ၃၅ ရာခိုင်နှုန်းအထိ ကျဆင်းကာ ဘတ် ၆ ဒသမ ၅ ဘီလျံသာ ရှိခဲ့ပြီး၊ ကွန်ဒိုတစ်ယူနစ် ပျမ်းမျှစျေးနှုန်းမှာ ၀ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းကာ ဘတ် ၅ ဒသမ ၂၈ သန်း ဖြစ်လာသည်။ အခြားခရိုင်များတွင်မူ ကွန်ဒိုတစ်ယူနစ် ပျမ်းမျှစျေးနှုန်းသည် ၁၀ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်ကာ ဘတ် ၃ ဒသမ ၄၆ သန်း ဖြစ်လာခဲ့သဖြင့် လွှဲပြောင်းမှုစုစုပေါင်းတန်ဖိုးမှာ ၁၀ ရာခိုင်နှုန်း တိုးတက်လာပြီး ဘတ် ၆ ဒသမ ၉ ဘီလျံအထိ ရှိခဲ့သည်။
တရုတ်နှင့် မြန်မာနိုင်ငံတို့မှ ဝယ်လိုအား လျော့နည်းလာခြင်း၊ အရှေ့အလယ်ပိုင်းဒေသ၏ ပထဝီနိုင်ငံရေး တင်းမာမှုများနှင့် ကမ္ဘာ့စီးပွားရေး နှေးကွေးနေခြင်းတို့ကြောင့် ယခုနှစ် လက်ကျန်လအပိုင်းအခြားတွင်လည်း ကွန်ဒိုစျေးကွက် ဆက်လက်အေးစက်နေဦးမည်ဟု မျှော်လင့်ရကြောင်း Kasikorn သုတေသနစင်တာက သုံးသပ်ထားသည်။
သို့သော် ထိုသို့ တရုတ်နှင့် မြန်မာနိုင်ငံမှ ထိုင်းကွန်ဒိုဝယ်ယူမှုများ ကျဆင်းလာနေသော်လည်း တရုတ်နိုင်ငံက ကွန်ဒိုဝယ်ယူမှု ပထမနေရာနှင့် မြန်မာနိုင်ငံက ဒုတိယနေရာတွင် ဝယ်လိုအားအမြင့်ဆုံးနိုင်ငံများအဖြစ် ဆက်လက် ရပ်တည်နေဆဲဖြစ်သည်။
Ref: Thai Enquirer
