သက်တံ့
၅. ၆. ၂၀၂၆
မြန်မာအစိုးရသစ်နှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် တရုတ်နိုင်ငံက အသင့်ရှိနေကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ယနေ ဇွန် ၅ ရက် (သောကြာနေ့)တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေက ဇွန်လ ၄ ရက်မှ ၆ ရက်အထိ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်နေပြီး ယနေ့တွေ့ဆုံစဉ် ဝမ်ယိက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် Global Times က သတင်းဖော်ပြသည်။
ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာအစိုးရသစ်နှင့်အတူ အဆင့်မြင့်ခေါင်းဆောင်ပိုင်းအကြား အပြန်အလှန် အလည်အပတ်ခရီးစဉ်များကို တိုးမြှင့်ရန်၊ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုကို မြှင့်တင်ရန်နှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်သွားရန် အသင့်ရှိကြောင်းလည်း ဝမ်ယိက ပြောကြားခဲ့သည်။
ယင်းအပြင် အေးအတူပူအမျှ ကံကြမ္မာအကျိုးတူ တရုတ်-မြန်မာအသိုက်အဝန်း တည်ဆောက်ရာတွင် ပိုမိုလက်တွေ့ကျသော ရလဒ်များ ပေါ်ထွက်လာစေရန်နှင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်ပေးနိုင်ရန်အတွက်လည်း အတူတကွ လက်တွဲလုပ်ဆောင်သွားရန် အသင့်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်က ပြည်ထောင်စုလွှတ်တော်မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ပြည်ထောင်စုလွှတ်တော်မှ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဧပြီလ ၂၅ ရက်တွင် နိုင်ငံတော်သမ္မတအား လာရောက် တွေ့ဆုံခဲ့သလို ဦးမင်းအောင်လှိုင်အား မြန်မာနိုင်ငံသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရမှုအပေါ် တရုတ်သမ္မတ ရှီကျင့်ဖျင်မှလည်း ဝမ်းမြောက်ဂုဏ်ယူကြောင်း ကိုယ်စား ပြောကြားခဲ့သည်။
ထိုနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သမ္မတဖြစ်အပြီး ပထမဆုံးခရီးစဉ်ကို မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ အိန္ဒိယဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ တရားဝင်ခရီးစဉ်သွားရောက်ခဲ့ပြီး နောက် ဇွန်လ ၄ ရက်နှင့် ၆ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံခြားရေးဝန်ကြီးဦးတင်မောင်ဆွေက တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Ref : Global Times
ပုံစာ။ မြန်မာ – တရုတ် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ဧပြီ ၂၅ ရက်က တွေ့ဆုံခဲ့ကြစဥ်။
