သက်တံ့
၅. ၆. ၂၀၂၆
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့က ပလယ်-ချန်ဒယ်လ် (Pallel–Chandel) လမ်းမပေါ်တွင် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးတစ်ခုအတွင်း အမြောက်အမြား သယ်ဆောင်လာသော စက်သုံးဆီတင်ယာဉ် နှစ်စီးကို တားဆီးကာ ယာဉ်မောင်းနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ အဆိုပါ မော်တော်ယာဉ်များကို မွန်းလွဲ ၁၂ နာရီခန့်တွင် Pioneer School အနီး၌ ကြားဖြတ်တားဆီးခဲ့ခြင်း ဖြစ်သည်။ ပထမဆုံးဖမ်းမိသည့် Yodha အမျိုးအစား မော်တော်ယာဉ်ကို ချန်ဒယ်လ်ခရိုင်၊ ပန်ချိုင်း (Panchai) ကျေးရွာတွင် နေထိုင်သူ အသက် ၄၃ နှစ်အရွယ် Mr. Pasel Nepolian Anal က မောင်းနှင်လာခြင်းဖြစ်ပြီး ၎င်းယာဉ်ကို ရှာဖွေရာတွင် ခန့်မှန်းခြေ ဓာတ်ဆီ ၂,၄၂၀ လီတာ ဆံ့သည့် ပလတ်စတစ်ပုံး ၁၁ ပုံးကို သိမ်းဆည်းရမိခဲ့သည်။
ထို့အတူ ဒုတိယမြောက်ဖမ်းမိသည့် Eeco Van အမျိုးအစား မော်တော်ယာဉ်ကိုလည်း ပန်ချိုင်းကျေးရွာတွင်ပင် နေထိုင်သူ အသက် ၂၉ နှစ်အရွယ် Mr. Lh. Koko George က မောင်းနှင်လာခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့သည် ၎င်းယာဉ်ပေါ်မှ ခန့်မှန်းခြေ ဓာတ်ဆီ ၁,၂၆၀ လီတာ ဆံ့သည့် ပလတ်စတစ်ပုံး ၆ ပုံးကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးမေးမြန်းမှုများ ပြုလုပ်စဉ်အတွင်း ၎င်းယာဉ်မောင်းနှစ်ဦးက ပုံး ၁၇ ပုံးဖြင့် ထည့်ထားသည့် စုစုပေါင်း ဓာတ်ဆီ ၃,၆၈၀ လီတာကို မြန်မာနိုင်ငံသို့ မှောင်ခိုပို့ရန်အတွက် အင်ဖာ-မိုရေး (Imphal–Moreh) လမ်းအတိုင်း သယ်ဆောင်လာခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ကြသည်။
ဖမ်းဆီးရမိပြီးနောက် မော်တော်ယာဉ် နှစ်စီး၊ ဖမ်းဆီးခံရသူ ယာဉ်မောင်းများနှင့် သိမ်းဆည်းရမိသည့် စက်သုံးဆီများကို ဆက်လက်အရေးယူနိုင်ရန်နှင့် လိုအပ်သော ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်နိုင်ရန် ကပ်ချင် (Kakching) ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
လက်ရှိတွင် ရဲတပ်ဖွဲ့က ယခုဖြစ်စဉ်နှင့်ပတ်သက်၍ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။
Ref : India Today
