၄. ၆. ၂၀၂၆
Translated by Thettant
စင်ကာပူနိုင်ငံတွင် အသက် ၂၇ နှစ်အရွယ် မြန်မာအိမ်အကူအမျိုးသမီးတစ်ဦးသည် သူမ၏ အွန်လိုင်းလောင်းကစားစွဲလမ်းမှုကို ငွေကြေးစိုက်ထုတ်ဖြေရှင်းနိုင်ရန်အတွက် အသက် ၁၁ နှစ်နှင့် ၁၂ နှစ်အရွယ်ရှိ အလုပ်ရှင်၏ ရင်သွေးငယ်များထံမှ စင်ကာပူဒေါ်လာ ၁၇,၀၀၀ ခိုးယူခဲ့သဖြင့် ထောင်ဒဏ် ၁၀ လ ချမှတ်ခြင်းခံခဲ့ရသည်ဟု Mothership သတင်းဌာနက ယနေ့ ဖော်ပြသည်။
အဆိုပါအိမ်အကူအမျိုးသမီး မိုင်အေးစုနိုင်သည် သူမကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် ဇွန်လ ၃ ရက်နေ့တွင် ရုံးတော်၌ အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်ဟု Shin Min Daily News သတင်းတွင် ဖော်ပြထားသည်။
◾️ လောင်းကစား စွဲလမ်းခဲ့ပုံ
Mothership သတင်းဌာနက မြင်တွေ့ခဲ့ရသည့် စွဲချက်တင်စာရွက်များအရ မိုင်အေးစုနိုင်သည် Queen Astrid Park ရှိ နေအိမ်တစ်အိမ်တွင် အလုပ်လုပ်ကိုင်ခဲ့သူဖြစ်သည်။ သူမသည် အဆိုပါမိသားစုထံတွင် ၂၀၂၅ ခုနှစ်၊ မတ်လကတည်းက စတင်အလုပ်လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Zaobao သတင်းစာ၏ ဖော်ပြချက်အရ မိုင်အေးစုနိုင်သည် ဖေဖော်ဝါရီလအစောပိုင်းတွင် Facebook ပေါ်၌ အွန်လိုင်းစလော့ဂိမ်း (Slot Machine Game) တစ်ခုကို တွေ့ရှိခဲ့သည်။ ၎င်းဂိမ်းကို ဒေါင်းလုဒ်ဆွဲပြီးနောက် ဂိမ်းအကောင့်ထဲသို့ ငွေဖြည့်သွင်းရာတွင် မြန်မာငွေကြေးကို အသုံးပြုရမည်ဖြစ်ကြောင်း သိရှိခဲ့ပြီးနောက် အလုပ်ရှင်၏ ရင်သွေးငယ်များထံမှ ငွေကြေးများကို ခိုးယူရန် ကြံစည်ခဲ့ခြင်းဖြစ်သည်။
◾️ ခိုးယူခဲ့သည့် ဖြစ်စဉ်များ
လောင်းကစားဂိမ်းဆော့လိုသော မိုင်အေးစုနိုင်သည် အလုပ်ရှင်၏ရင်သွေးငယ်များအခန်းအတွင်း လိုက်လံရှာဖွေရှာမှ အခန်းတစ်ခန်းရှိ အံဆွဲတစ်ခုအတွင်းမှ သော့တစ်ချောင်းနှင့် ငွေသားများ ထည့်ထားသည့် အပြာရောင်သေတ္တာတစ်လုံးကို တွေ့ရှိခဲ့သည်။
အဆိုပါသေတ္တာကို ဖွင့်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် စင်ကာပူဒေါ်လာ ၁,၀၀၀ ကို ခိုးယူခဲ့ပြီး ထိုငွေများကို မြန်မာငွေသို့ ပြောင်းလဲပေးမည့် အမျိုးသားတစ်ဦးနှင့် သွားရောက်တွေ့ဆုံခဲ့သည်။ ၎င်းနောက် ငွေများကို ဂိမ်းအကောင့်ထဲသို့ ထည့်သွင်းကစားခဲ့သော်လည်း မကြာမီမှာပင် ငွေအားလုံး ရှုံးနိမ့်သွားခဲ့သည်။
ရှုံးကြွေးများကို ပြန်ရချင်သဖြင့် သူမသည် နောက်ထပ် ၂ ရက်အတွင်း နောက်ထပ်နှစ်ကြိမ် ထပ်မံခိုးယူခဲ့သည်။ ရက်အနည်းငယ်အကြာတွင် နောက်ထပ် စင်ကာပူဒေါ်လာ ၄,၆၀၀ ကို ထပ်မံခိုးယူခဲ့ပြန်သည်။
ထို့နောက်တွင် စုစုပေါင်း စင်ကာပူဒေါ်လာ ၆,၀၀၀ ပါရှိသည့် အနီရောင်အိတ် (အန်ပေါင်းအိတ်) ၆ အိတ်ကို ထပ်မံတွေ့ရှိခဲ့သည်။ ရိပ်မိခြင်းမခံရစေရန်အတွက် အိတ်တစ်အိတ်စီတွင် ဒေါ်လာ ၁၀၀ စီ ချန်ထားခဲ့ပြီး ကျန်ရှိသည့် ဒေါ်လာ ၅,၄၀၀ ကို ခိုးယူခဲ့သည်။
တရားရုံးမှတ်တမ်းများအရ သူမ ခိုးယူခဲ့သည့် စုစုပေါင်းငွေပမာဏမှာ စင်ကာပူဒေါ်လာ ၁၇,၀၀၀ ဖြစ်သည်။ ခိုးယူပြီးတိုင်းတွင်လည်း သူမသည် အဆိုပါအမျိုးသားနှင့်ပင် သွားရောက်တွေ့ဆုံကာ ခိုးရာပါငွေများကို ဂိမ်းကစားရန်အတွက် မြန်မာငွေဖြင့် လဲလှယ်ခဲ့သည်။
မိုင်အေးစုနိုင်၏ ဝန်ခံချက်အရ နောက်ဆုံးတွင် သူမ၏ ဂိမ်းအကောင့်မှာ ပိတ်ပင် (Freeze) ခံခဲ့ရသဖြင့် ငွေထုတ်ယူ၍ မရတော့ကြောင်း သိရသည်။ သူမသည် သုံးကြိမ်တိုင်တိုင် ဂိမ်းနိုင်ခဲ့ဖူးသော်လည်း နိုင်ငွေများကို တစ်ကြိမ်မျှ ထုတ်ယူနိုင်ခြင်း မရှိခဲ့ဟု ဆိုသည်။
◾️ အမှုပေါ်ပေါက်လာပုံနှင့် လျှောက်လဲချက်
ဖေဖော်ဝါရီလ ၂၇ ရက်၊ ည ၉ နာရီခွဲခန့်တွင် အလုပ်ရှင်၏ ရင်သွေးငယ်များက ငွေများ ပျောက်ဆုံးနေကြောင်း သိရှိသွားခဲ့ကြသည်။ ထို့ကြောင့် အလုပ်ရှင်က မိုင်အေးစုနိုင်ကို မေးမြန်းရာတွင် မိုင်အေးစုနိုင်က ငွေများခိုးယူခဲ့ကြောင်း ဝန်ခံခဲ့သဖြင့် ၎င်းနောက်တွင် ဖမ်းဆီးခြင်း ခံခဲ့ရသည်။
တရားလိုပြသက်သေများက မိုင်အေးစုနိုင်သည် ပြစ်မှုကို ကြိုတင်ကြံစည်လုပ်ဆောင်ခဲ့ပြီး အလုပ်ရှင်၏ ရင်သွေးငယ်များ၏ သူမအပေါ်ထားရှိသည့် ယုံကြည်မှုကို အလွဲသုံးစားပြုလုပ်ကာ တစ်လအတွင်း ခိုးမှု ၆ ကြိမ်တိုင်တိုင် ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ ထို့အပြင် ပျောက်ဆုံးငွေများကိုလည်း တစ်စုံတစ်ရာ ပြန်လည်ပေးလျော်နိုင်ခြင်း မရှိသေးပေ။
မိုင်အေးစုနိုင်ကမူ သူမအနေဖြင့် အမှားကို သိရှိနားလည်ပါကြောင်းနှင့် ပြစ်ဒဏ်လျှော့ပေါ့ပေးပါရန် တရားရုံးသို့ အသနားခံ လျှောက်လဲခဲ့သည်။ သူမအနေဖြင့် အလုပ်ရှင်မိသားစုကို တောင်းပန်ချင်ကြောင်းလည်း ဆိုသည်။ ထို့အပြင် မိသားစု ဆင်းရဲမွဲတေမှုကြောင့် ပြန်လည် ပေးလျော်ရန် မတတ်နိုင်သဖြင့် မြန်မာနိုင်ငံသို့ အမြန်ဆုံး ပြန်ခွင့်ရရန် မျှော်လင့်ကြောင်း ဖြည့်စွက်ပြောပြခဲ့သည်။
Ref : Mothership
