

နေမိုး
၄. ၆. ၂၀၂၆
NUG ဩဇာခံ PDF များ တရားလက်လွတ် ထကြွသောင်းကျန်းနေသော စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့အထက်တန်းကျောင်းကို PDF များက Drop Bomb ချတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ကျောင်းသားတစ်ဦး ဗုံးသီးစထိမှန်ဒဏ်ရာရမှု ဖြစ်ပွားခဲ့သည်။
NUG ဩဇာခံ PDF များ ကျူးလွန်မှုဖြစ်စဥ်မှာ ယမန်နေ့ ဇွန် ၃ ရက် မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့၏ အရှေ့တောင်ဘက် မီတာ ၃၃၀၀ ခန့်အကွာမှနေ၍ Drone ယာဉ် ၂ စီးဖြင့် အမှတ်(၃)ရပ်ကွက်၊ ရွှေအိုးကွင်းရပ်ရှိ အခြေခံပညာအထက်တန်းကျောင်းအနီးသို့ ဗုံးသီး ၄ လုံးဖြင့် လာရောက်ပစ်ချတိုက်ခိုက်ခဲ့သဖြင့် စာသင်ကျောင်းအတွင်း အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည့် အဋ္ဌမတန်းကျောင်းသားတစ်ဦးဖြစ်သည့် မောင်သူရနိုင်၊ အသက် ၁၄ နှစ်(ဘ)ဦးရန်နိုင်အေးတွင် ယာလက်မောင်း ဗုံးသီးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိသည်။
အဆိုပါ ဗုံးသီးစထိမှန်၍ ဒဏ်ရာရရှိသူအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝက်လက်မြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ခံယူစေလျက်ရှိသည်။
PDF များအနေဖြင့် ယခုကဲ့သို့ စစ်ရေးပစ်မှတ်နှင့် သက်ဆိုင်ခြင်း မရှိသည့်အပြင် နိုင်ငံတော်၏ အနာဂတ်ပန်းကလေးများ ပွင့်လန်းရာ စာသင်ကျောင်းနေရာသို့ အသိတရားကင်းမဲ့စွာဖြင့် Drop Bomb ချတိုက်ခိုက်သည့် အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်ခဲ့ခြင်းအတွက် ဒေသခံပြည်သူများအနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် အကြမ်းဖက်မှုကျူးလွန်သူများအား အမြန်ဆုံးဖမ်းဆီးဖော်ထုတ်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
