၄.၆.၂၀၂၆
Written by Linn Eain
(၂၉) ကြိမ်မြောက် နိုင်ငံတကာစီးပွားရေးဖိုရမ် (29th St. Petersburg International Economic Forum- SPIEF 2026) သို့တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစောသည် ရုရှားသမ္မတ၏အကြံပေး၊ ဖိုရမ်ကျင်းပရေးကော်မတီ အမှုဆောင်အတွင်းရေးမှူးနှင့် ရော့စ်ကွန်ဂရက်စ် ငွေကြေးရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူးတို့ကို ဇွန် ၃ ရက်တွင် စိန့်ပီတာစဘတ်မြို့ရှိ EXPOFORUM Convention and Exhibition Centre ၌ သီးခြားစီလက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ရုရှားသမ္မတ၏အကြံပေးနှင့် ဖိုရမ်ကျင်းပရေးကော်မတီ အမှုဆောင်အတွင်းရေးမှူး H. E. Mr. Anton Kobyakov နှင့် လက်ခံတွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိ သည့်အခြေအနေများ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတို့အပါအဝင် ကဏ္ဍစုံကျယ်ပြန့်စွာ ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ရော့စ်ကွန်ဂရက်စ် ငွေကြေးရန်ပုံငွေအဖွဲ့ (Fund RC-Investments) ညွှန်ကြားရေးမှူး Mr . Alexander Sergeevich Shatirov ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံသက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့် ရော့စ်ကွန်ဂရက်စ် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့အကြား စိုက်ပျိုးရေးကဏ္ဍ၊ သတ္တုကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍနှင့် လျှပ်စစ်ကဏ္ဍတို့၌ အကောင်အထည်ဖော် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအလိုက် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် ဆက်လက်တိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ဒုတိယသမ္မတနှင့်အတူ အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမိုးအောင်၊ စိန့်ပီတာစဘတ်မြို့ မြန်မာကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ရုရှားသမ္မတ၏အကြံပေးနှင့် ဖိုရမ်ကျင်းပရေးကော်မတီ အမှုဆောင်အတွင်းရေးမှူး၊ ရော့စ်ကွန်ဂရက်စ် ငွေကြေးရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူးတို့နှင့်အတူ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ဒုတိယသမ္မတ ဦးညိုစော ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲသည် ၂၉ ကြိမ်မြောက် နိုင်ငံတကာစီးပွားရေးဖိုရမ် တက်ရောက်ရန် ရုရှားနိုင်ငံသို ဇွန် ၂ ရက်၊ နံနက်ပိုင်းက ရန်ကုန်မြိုမှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားခဲ့သည်။
ဒုတိယသမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးအောင်ကျော်ဟိုး၊ ဦးထိန်လင်း၊ ဦးဆန်းဦး၊ ဦးကိုကိုလွင်၊ ဦးခင်မောင်စိုးနှင့် ဦးထွန်းအုံ၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြောင်း သိရသည်။
