၄.၆.၂၀၂၆
Translated by Htwe Ko Tun
မက္ကဆီကိုနိုင်ငံတွင် ဇွန်လ ၁၁ ရက်၌ စတင်ကျင်းပမည့် ကမ္ဘာ့ဖလားဘောလုံးပွဲမတိုင်မီ ရက်အနည်းငယ်အလို ဇွန်လ ၃ ရက်တွင် မက္ကဆီကိုဆန္ဒပြသူများက မြို့တော် မက္ကဆီကိုစီးတီးရှိ အစိုးရ အဆောက်အအုံတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ကြကြောင်း သိရသည်။ အမျိုးသားပညာရေးညှိနှိုင်းရေးလုပ်သားများ (CNTE) မှ ခွဲထွက်အဖွဲ့တစ်ဖွဲ့သည် ဇွန်လ ၁၁ ရက်တွင် ကမ္ဘာ့ဖလားပွဲစတင်မည့် မက္ကဆီကိုစီတီးရှိ Azteca အားကစားကွင်းတွင် ကြီးမားသော ဆန္ဒပြပွဲများကို ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
ဆန္ဒပြသူများက လမ်းမီးတိုင်များကို ထုရိုက်ဖျက်ဆီးရန်ပစ္စည်းများအဖြစ် အသုံးပြုကာ မြို့တော်တွင်းရှိ ပညာရေးဝန်ကြီးဌာန အဆောက်အအုံကို တရကြမ်း တိုးဝှေ့ဝင်ရောက်စီးနင်းခဲ့ကြခြင်းဖြစ်သည်။
သမ္မတ ကလော်ဒီယာရှီးဘွမ်းကမူ သူမအနေဖြင့် ဆန္ဒပြမှုများကို ဖိနှိပ်သည့် ထောင်ချောက်ထဲသို့ ကျရောက်မည်မဟုတ်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။
ပညာရေးဝန်ကြီးဌာနမှ သတင်းရင်းမြစ်များက ဆန္ဒပြသူများသည် ကင်းစောင့်ရုံတစ်ခုကို ဖျက်ဆီးကာ ပြတင်းပေါက်များကို ခွဲထုတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ မက္ကဆီကိုရုပ်မြင်သံကြားတွင် ထုတ်လွှင့်မှုများ၌ မီးလောင်မှုအနည်းငယ်ကို ပြသထားသည်။
ရှီးဘွမ်းက အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုတို့ ပူးတွဲလက်ခံကျင်းပမည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ မစတင်မီ ရက်အနည်းငယ်အလိုတွင် ဆန္ဒပြမှုများကိုအကြမ်းဖက်နှိမ်နင်းသည်ဟု ၎င်းအားပြုလုပ်မည့် ထောင်ချောက်ထဲသို့ မကျရောက်ကြောင်း ဇွန်လ ၃ ရက် အစောပိုင်းတွင် ပြောကြားခဲ့သည်။ “သူတို့က ကျွန်မတို့ကို ကမ္ဘာ့ဖလားမတိုင်ခင်မှာ ဖိနှိပ်မှုတွေ ဖြစ်စေချင်တယ်” ဟု နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး ထိုသို့ပြုလုပ်မည်မဟုတ်ကြောင်း ကတိပြုခဲ့သည်။
လစာတိုးမြှင့်ရန်နှင့် ပင်စင်ဥပဒေကို ရုပ်သိမ်းရန် တောင်းဆိုနေသော ဆန္ဒပြသူများနှင့် ဆွေးနွေးရန် သမ္မတ ရှီးဘွမ်းက တောင်းဆိုခဲ့သည်။ ရှီးဘွမ်း၏အစိုးရက CNTE နှင့် လစာ ၉ ရာခိုင်နှုန်းတိုးမြှင့်ရန် သဘောတူညီခဲ့သည်။ သို့သော် ၎င်းက သဘောထားကွဲလွဲသော ပညာရေးပညာရှင်များ တောင်းဆိုနေသည့် ၁၀၀ ရာခိုင်နှုန်းတိုးမြှင့်မှုနှင့် ဝေးကွာလှကြောင်း သိရသည်။
မက္ကဆီကန်အစိုးရကျောင်းဆရာတစ်ဦး၏ တာဝန်စစချင်း လစဉ်စုစုပေါင်းလုပ်ခမှာ ၉၆၇ အမေရိကန် ဒေါ်လာ နှင့် ညီမျှသည်။
Ref- AFP
