နေမိုး
၄. ၆. ၂၀၂၆
နတ်မောက်မြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာနေထိုင်သူနတ်မောက် PDF တစ်ဦးက ဂွေးပင်ကျေးရွာနေ ဇနီးမောင်နှံအနက် ခင်ပွန်းကို လည်လှီးသတ်ပြီး ဇနီးကို မုဒိမ်းကျင့်သည်ကို နတ်မောက် PDF ပြန်လည် ဖမ်းဆီးပြီးနောက် လူသတ်မုဒိမ်းကျင့်သူမှာ နတ်မောက် PDF မဟုတ်ကြောင်း လိမ်လည်ထုတ်ပြန်သော်လည်း ပြည်သူများက ယုံကြည်မှုမရှိဘဲ ပြုကျင့်သတ်ဖြတ်သူမှာ PDF သာဖြစ်ကြောင်း ဝေဖန်နေသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့က နတ်မောက်မြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာမှ နတ်မောက် PDF သိန်းသန်းစိုး ဆိုသူသည် ဂွေးပင်ကျေးရွာရှိ နေအိမ်တစ်အိမ်အတွင်း ဝင်ရောက်ကာ ဇနီးမောင်နှံနှစ်ဦးကို အကြမ်းဖက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
သိန်းသန်းစိုးသည် အမျိုးသားဖြစ်သူ၏ လည်ပင်းကို လှီးဖြတ်၍ အမျိုးသမီးဖြစ်သူအား ရက်စက်စွာ အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။ လည်လှီးခံရသည့် အမျိုးသားမှာ သေဆုံးခြင်းမရှိဘဲ အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။
ပြစ်မှုကျူးလွန်သူ သိန်းသန်းစိုးသည် ထိုသို့ လုပ်ဆောင်ပြီးနောက် ၎င်းကိုယ်၎င်း နတ်မောက် PDF ဟု ဆိုကာ TikTok လူမှုကွန်ရက်စာမျက်နှာပေါ်တွင် “ဒလန်လင်မယားကို သတ်ပစ်ခဲ့ကြောင်း၊ ဂွေးပင်ရွာတွင် PDF တပ်များရှိကြောင်းနှင့် သတ္တိရှိလျှင် လာခဲ့ရန်” စိန်ခေါ်သည့် ရုပ်သံနှင့် စာသားများကို ရဲတင်းစွာ တင်ခဲ့ကြောင်း နတ်မောက် ပကဖက ဖော်ပြခဲ့ပြီး ကျူးလွန်သူ သိန်းသန်းစိုးမှာ နတ်မောက် PDF အယောင်ဆောင်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
သို့သော် သိန်းသန်းစိုး၏ ဝန်ခံချက်တွင် ထိုဇနီးမောင်နှံအိမ်ကို တစ်ဦးတည်း ဝင်သွားခဲ့ကြောင်း၊ ခေါင်ရည်သောက်ပြီးနောက် အပေါ့သွားအပြီး ခင်ပွန်းကို လည်လှီးကာ ဇနီးကို ကြိုးဖြင့် တုပ်ခိုင်းခဲ့ကြောင်း၊ ဇနီးသည်က လှည်လှီးခံရသော ခင်ပွန်းကို ကြိုးဖြင့်တုပ်အပြီး အပြင်သစ်ပင်အောက်ခေါ်ကာ တစ်ကြိမ် မုဒိမ်းပြုကျင့်ပြီးနောက် အိပ်ခဲ့ကြောင်း ဝန်ခံထားသည်။ နတ်မောက် ပကဖက ဖော်ပြထားသည့် သိန်းသန်းစိုးအသုံးပြုသော Waiyan ဆိုသည့် TikTok အကောင့်မှာလည်း အယောင်ဆောင် PDF များကဲ့သို့ အလှူခံလိမ်လည်ထားခြင်းများ မတွေ့ရှိရဘဲ သိန်းသန်းစိုး၏ ပုံဟုယူဆရသော လက်နက်ကိုင်ပုံများတင်ထားခြင်း၊ တပ်မတော်အား ဆဲဆိုထားခြင်း၊ နတ်မောက်မြို့ပေါ်တက်ကာ ကင်းထောက်ခြင်း စသည့် PDF တစ်ဦးလုပ်ဆောင်မှုများသာ တွေ့ရသည်။ ကာလရှည်အသုံးပြုထားသည့် အဆိုပါ TikTok တွင် မူဗီပေါင်း ၁၀၀ နီးပါးတင်ထားပြီး လူ အများဆုံးကြည့်ရှုသည့်မူဗီမှာ ငါးသိန်းနီးပါးအထိ ရှိနေသဖြင့် မုဒိမ်းကျင့် လူသတ်သူ သိန်းသန်းစိုးသည် နတ်မောက် PDF သို့မဟုတ် PDF တစ်ဦးသာဖြစ်သည်ဟု ကောက်ချက်ယူရမည်ဖြစ်သည်။
အလားတူ သိန်းသန်းစိုး၏ ဝန်ခံချက်မူဗီကို နတ်မောက်ပကဖက ယနေ့ ပို့စ်တင်ခဲ့ရာ သိန်းသန်းစိုးမှာ PDF ဖြစ်ကြောင်း သွားမန့်သည်များကိုလည်း နတ်မောက်ပကဖက ဖျက်ပစ်ခဲ့သည်။
နတ်မောက်ပကဖထံမှ ရရှိသည့် သိန်းသန်းစိုး၏ သတင်းကို ယမန်နေ့ကတည်းက ကနဦးတင်ခဲ့သည့် Red Peacock Page တွင်လည်း သိန်းသန်းစိုးမှာ PDF ဖြစ်ကြောင်း ဖတ်ရှုပြည်သူများက ပြောပြထားသလို “အညာနွေအလွမ်း ပန်းခင်းလမ်း”အမည်ဖြင့် အသုံးပြုသည့် အကောင့်ပိုင်ရှင်ကလည်း “PDF ပါပဲ။ အခုမှ ထွက်ထားတာ။ ကြာတော့ PDF မဟုတ်တော့တာပါ။ အလုပ်အကိုင်မရှိ ရွာမယ် ဆရာကြီးလိုလိုနဲ့နေတာက”ဟု ပြောထားသလို “PDF ဆိုလည်း PDF ပြောပါ။ အယောင်ဆောင်ပြောမနေနဲ့”ဟု မှတ်ချက်ပြုထားပြီး မှတ်ချက်အများစုမှာ မုဒိမ်းကျင့် လူသတ်သူ သိန်းသန်းစိုးသည် PDF သာဖြစ်ကြောင်း ပြောဆိုထားသည်ကို တွေ့ရှိရသည်။
