နေမိုး
၄. ၆. ၂၀၂၆
ဗိုလ်မှူးတစ်ဦးနှင့် ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်သုံပန်း ၁၈ ဦး ဖမ်းမိထားသည်ဟု NUG ၏ မကွေးတိုင်းစစ်ဌာနက ပုံများနှင့်တကွ ယနေ့ ကြေညာလာသည်။
ယခုနှစ်၊ မေလ (၂၂) ရက်တွင် မိတ္ထီလာအခြေစိုက် တပ်မ (၉၉) မှ ချောက်မြို့( က.ပ.စ-၂၁ သို့ ဆက်လက်ထွက်ခွာ)သို့ ထွက်ခွာလာသောယာဉ်တန်း (၅)စီးအား မကွေးခရိုင်စစ်ဌာန ကွပ်ကဲမှုအောက်ရှိ PDF များမှ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သလို မေလ (၂၆)ရက်နေ့တွင် ချောက်မြို့အခြေစိုက် ခလရ (၁၃) (က.ပ.စ-၂၁ မှ ထွက်ခွာ) ထွက်ခွာလာသော ရန်သူ့ ခဲယမ်းသယ်ဆောင်သည့် ယာဉ် (၂)စီးအားလည်း ခြုံခိုတိုက်ခိုက်ခဲ့သည်ဟု မကွေးတိုင်းစစ်ဌာနက ဆိုသည်။
ထို့အပြင် မေလ (၂၆) ရက်တွင် ဆိပ်ဖြူမြို့မှတစ်ဆင့် က.ပ.စ-၂၁ သို့ အင်အားဖြည့်တင်းရန် ဦးတည်ထွက်ခွာလာသည့် စစ်ယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဉ် (၂)စီး ပျက်စီးခဲ့သည်ဟုဆိုသလို မေလ စတုတ္ထပတ်အတွင်း သရက်ခရိုင်တပ်ရင်း (၃) မှ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ခမရ (၅၉၉) မှစစ်ကြောင်းနှင့် ထိတွေ့မှုများဖြစ်ပွားကာ ဗိုလ်မှူးအောင်ဖြိုးဝေ (ကြည်း-၅၃၃၇၆) နှင့် ဗိုလ်ကြီး ပြည့်စုံအောင် ( ကြည်း – ၇၄၀၇၆) အပါအဝင် သုံ့ပန်းအချို့ ဖမ်းဆီးရမိခဲ့ပြီး ပစ္စတို (၁၉)လက်၊ ကျည်ဘောက် (၃၈)ခု၊ ဖုန်း (၃)လုံးကိုလည်း သိမ်းပိုက်ရရှိခဲ့သည့်အပြင် မေလ (၂၉) ရက်နေ့တွင် နတ်မောက် ဆက်သွယ်ရေးတပ်မှ ဒုတပ်ကြပ် ရန်နိုင်အားလည်း စစ်ဆင်ရေးနယ်မြေတစ်နေရာတွင် ဖမ်းဆီးနိုင်ခဲ့သည် ဆိုသည်။
အထက်ပါနည်းတူ မေလစတုတ္ထပတ်အတွင်း ပုံတောင် တောင်ကြောမှတစ်ဆင့် ဂန့်ဂေါခရိုင်အတွင်း ဝင်ရောက်လာသော အင်အား ၁,၀၀၀ ခန့်ရှိ စစ်ကြောင်းနှင့် ယာယီထိုင်စခန်းများအား ကြားဖြတ်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့သလို ယမန်နေ့ ဇွန်လ (၃) ရက်နေ့တွင် မင်းတုန်းမြို့နယ်သို့ စစ်ကြောင်းထိုးလာသည့်စစ်ကြောင်းနှင့် သရက်ခရိုင်တပ်ရင်း (၄) တို့ တိုက်ပွဲများ ဖြစ်ပွားပြီး သုံ့ပန်း (၁၅) ဦးနှင့် သေနတ် (၁) လက်ကို သိမ်းပိုက်ရရှိခဲ့သည်ဟုလည်း မကွေးတိုင်းစစ်ဌာနက ပြောသည်။
ထို့ကြောင့် ၂၀၂၆ ခုနှစ်၊ မေလ နှင့် ဇွန်လ ပထမပတ်အတွင်း မကွေးတိုင်းစစ်ဌာနကွပ်ကဲမှု အောက်ရှိ စစ်ဆင်ရေးနယ်မြေ အသီးသီးတွင် တပ်စစ်ကြောင်းများနှင့် တိုက်ပွဲကြီးငယ်ပေါင်း (၄၃) ကြိမ် ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် (၃၁) ဦး သေဆုံးကာ (၅၂) ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး ဗိုလ်မှူး (၁) ဦးနှင့် ဗိုလ်ကြီး (၁) ဦး အပါအဝင် သုံ့ပန်း (၁၈) ဦး ရရှိခဲ့သည်ဟုလည်း PDF က ကြေညာသည်။
MT News သတင်းဌာနအနေဖြင့် သေဆုံးဒဏ်ရာရမှုများကို အတည်မပြုနိုင်သော်လည်း စစ်သုံပန်းဖမ်းဆီးရမိမှုများ မျက်နှာဖော်ပြထုတ်ပြန်လာသဖြင့် သတင်းပြန်လည်တင်ဆက်ခြင်းသာဖြစ်ပြီး ဖြစ်စဥ်မှန်မမှန်ကိုမူ တာဝန်ရှိသူများထံ ဆက်လက်မေးမြန်းနေဆဲဖြစ်သည်။




