





၂.၆.၂၀၂၆
Written by KL
ကရင်ပြည်နယ်၊ မြဝတီမြို့၊ အာရှလမ်း၊ ရင်ကွဲတောင်နေရာ ကွင်းကလေးကုန်းအဆင်း၊ မိုင်တိုင်အမှတ် ၁၆၁/၄ တွင် တွဲကားတစ်စီး တိမ်းမှောက်ကာ ယာဥ်မောင်းတစ်ဦးသေဆုံးမှု ယနေ့ ဇွန်လ ၂ ရက် ညနေ ၄ နာရီကျော်က ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် Z-Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
ရင်ကွဲတောင်နေရာတွင် တွဲကားမှောက်၍ လူပိမိနေကြောင်း သတင်းရသဖြင့် Z-Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင်များက မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံလူမူကူညီရေးအသင်း၊ မဲကနယ်လူမူကူညီရေးအသင်းတို့က အခြားအသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းကာ ကားအောက်ပိနေသော ယာဥ်မောင်းကို ၂ နာရီကျော်ကြာ ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။
ကားအောက်တွင် ပိတ်မိနေသော ယာဥ်မောင်း အမျိုးသားကို ဖိထားသည့် အလေးချိန်များနေသောကြောင့် ကားအောက်မှ မြေကြီးတူးဖော်ကာ ကယ်ထုတ်ပေးခဲ့ရသော်လည်း နေရာတွင်ပင် သေဆုံးခဲ့ကြောင်း Z-Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
ကားပိမိသေဆုံးသူမှာ တွဲကားယာဥ်မောင်း ကိုကျော်ဝဏ္ဏဖြစ်ပြီး ရုပ်အလောင်းကို Z-Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင်များက အသင်းပိုင်မော်တော်ယာဥ်ဖြင့်သယ်ယူကာ မြဝတီပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
