◾ ပြည်သူ့လွှတ်တော်တွင် ပြည်တွင်းအခွန်ဦးစီးဌာန၏ မော်တော်ကားဝယ်ယူရောင်းချခြင်းအပေါ် အခွန်စည်းကြပ်ရန် စံနှုန်းများထက် ထက်ဝက်ကျော်သောစျေးနှုန်းများဖြင့် ရောင်းဝယ်လုပ်ကိုင်ခြင်းအပေါ် စီမံကြပ်မတ်ရန် ရှိ၊ မရှိ မေးမြန်းမှုကို ပြင်ပပေါက်စျေးသည် ရည်ညွှန်းစျေးကို ဆိုလိုခြင်းဟု နားလည်ပြီး ဝန်ကြီးဌာနအနေဖြင့် ရည်ညွှန်းစျေးကို သတ်မှတ်ဆောင်ရွက်ခြင်းမရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် လာရောက် ဖြေကြား

၂.၆.၂၀၂၆
Written by Nay Yaung Lin
တတိယအကြိမ် ပြည်သူ့လွှတ်တော်၊ ဒုတိယပုံမှန်အစည်းအဝေးကို ဇွန် ၂ ရက်တွင် စတင်ကျင်းပခဲ့ရာ တာချီလိတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်က ပြည်တွင်းအခွန်ဦးစီးဌာန၏ မော်တော်ကားဝယ်ယူရောင်းချခြင်းအပေါ် အခွန်စည်းကြပ်ရန် စံနှုန်းများထက် ထက်ဝက်ကျော်သောစျေးနှုန်းများဖြင့် ရောင်းဝယ်လုပ်ကိုင်ခြင်းအပေါ် စီမံကြပ်မတ်ရန် ရှိ၊ မရှိ ကြယ်ပွင့်ပြမေးခွန်းအနေဖြင့် မေးမြန်းခဲ့ကြောင်း သိရသည်။
အဆိုပါမေးခွန်းကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် လာရောက် ဖြေကြားခဲ့ပြီး ပြင်ပပေါက်စျေးသည် ရည်ညွှန်းစျေးကို ဆိုလိုခြင်းဟု နားလည်ပြီး ဝန်ကြီးဌာနအနေဖြင့် ရည်ညွှန်းစျေးကို သတ်မှတ်ဆောင်ရွက်ခြင်းမရှိကြောင်း ပြည်သူ့လွှတ်တော်တွင် ဖြေကြားခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်က “ လက်ရှိ ကျွန်တော်တို့ မြန်မာနိုင်ငံ မော်တော်ကားရောင်းဝယ်ရေးလောကမှာ မော်တော်ကားရောင်းဝယ်လုပ်ကိုင်နေကြသူများဟာ ပြည်တွင်းအခွန်ဦးစီးဌာနကနေ သတ်မှတ်ပြဋ္ဌာန်းထားရှိတဲ့ စည်းကြပ်ခွန်နှုန်းထားထက် ထက်ဝက်ကျော်သောနှုန်းထားဖြင့် မော်တော်ကားများကို ရောင်းဝယ်လုပ်ကိုင်နေကြတာ အားလုံးအသိပဲဖြစ်ပါတယ်။ ယင်းသို့မော်တော်ကားများ စျေးနှုန်းကြီးမြင့်နေမှုများကြောင့် အိမ်သုံး၊ လုပ်ငန်းသုံး မော်တော်ကားများ ဝယ်ယူသုံးစွဲနိုင်ရန်အတွက် ပြည်သူအများစုမှာ အခက်အခဲများရှိနေကြရတဲ့အပြင် နယ်စပ်ဒေသများနဲ့ မြို့ကြီးများအထိ လိုင်စင်မဲ့ဝစ်သောက်မော်တော်ကားများကို မတတ်နိုင်တဲ့အဆုံး ဥပဒေနဲ့မညီ ရွေးချယ်ဝယ်ယူသုံးစွဲနေကြသူများလည်း ရှိကြတာကို စုံစမ်းသိရှိနိုင်ပါတယ်” ဟု ၎င်းမေးခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်က “ ပြည်တွင်းအခွန်ဦးစီးဌာနရဲ့ ၁.၁.၂၀၂၄ ရက်နေ့ မော်တော်ကားစည်းကြပ်ခွန် စာရင်းဇယားများတွင် တိုယိုတာ မက်တူးဆလွန်း ၁၀၀၀ စီစီ ၂၀၀၄ မော်ဒယ် မော်တော်ကားတစ်စီးကို မြန်မာကျပ်ငွေ သိန်း ၄၀၀ ဖြင့် အခွန်စည်းကြပ်ကောက်ခံသော်လည်း မော်တော်ကားရောင်းဝယ်ရေးလောကတွင် ယင်းအမျိုးအစားမော်တော်ကားတစ်စီးကို လက်ရှိ ယေဘုယျကာလပေါက်စျေး မြန်မာကျပ်ငွေ သိန်း ၉၀၀ ကျော် ပေါက်စျေးရှိနေပြီး ကမ္ဘာပေါ်တွင် မကြားဖူးသော စျေးနှုန်းများဖြင့် ရောင်းဝယ်လုပ်ကိုင်နေကြတာကို ဆိုရှယ်ပလက်ဖောင်းများပေါ်မှာလည်း အလွယ်တကူရှာဖွေစုံစမ်းသိရှိနိုင်ပါတယ်။ မည်သို့ပင်ဆိုစေကာမှု အများပြည်သူ ကောင်းကျိုးကို ရှေးရှုရင်း ကျွန်တော့်အနေဖြင့် မေးမြန်းလိုတာကတော့ ပြည်တွင်းအခွန်ဦးစီးဌာနရဲ့ မော်တော်ကားဝယ်ယူရောင်းချခြင်းအပေါ် အခွန်စည်းကြပ်ရန် စံနှုန်းများ သတ်မှတ်ထားရှိတဲ့ ပေါက်စျေးနှုန်းများထက် ထက်ဝက်ကျော်သောစျေးနှုန်းများဖြင့် မော်တော်ကားများကို ရောင်းဝယ်လုပ်ကိုင်နေကြခြင်းတို့အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနမှ စီမံကြပ်မတ်ဆောင်ရွက်သွားဖို့ရန် အစီအစဉ်ရှိမရှိ၊ အစီအစဉ်မရှိပါကလည်း အဘယ်ကြောင့်မရှိရပါသလဲ။ အစီအစဉ်ရှိပါကလည်း မည်သည့်ကာလအပိုင်းအခြားမှစလို့ မည်သို့ စီမံကြပ်မတ်ဆောင်ရွက်သွားမည်ကို သိရှိလိုပါတယ်” ဟု မေးမြန်းခဲ့သည်။

အဆိုပါ မေးခွန်းအပေါ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က ဖြေကြားရာတွင် “ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် မော်တော်ယာဉ်များ ဝယ်ယူခြင်း၊ ရောင်းချခြင်းများအပေါ် အခွန်ကင်းလွတ်မှုမရှိစေရေးအတွက် အခွန်ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အလို့ငှာ မော်တော်ယာဉ်အမျိုးအစားအလိုက် နှစ်စဉ် စံနှုန်းများ ကြိုတင်ပြုစုသတ်မှတ်ပြီး အခွန်စည်းကြပ်ခြင်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ နှစ်စဉ်စံနှုန်းတန်ဖိုးများကိုလည်း အခွန်ထမ်းပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်နှင့် မိမိဆန္ဒအလျှောက် အခွန်ပေးဆောင်နိုင်စေရေးအတို့အတွက် မော်တော်ယာဉ်အမျိုးအစားအလိုက် တပြေးညီဖြစ်စေရန် ချမှတ်ထားတဲ့ စံနှုန်းများဖြစ်ပါသဖြင့် မော်တော်ယာဉ်စျေးနှုန်းအတက်အကျ အခြေအနေများအရ ပြင်ပပေါက်စျေးများနဲ့ စံနှုန်းကွာဟမှုများ ရှိနိုင်ပါတယ် “ ဟု ထည့်သွင်း ဖြေကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က “ စံနှုန်းများသတ်မှတ်ရာမှ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးအသင်းနဲ့ မော်တော်ယာဉ်အရောင်းပြခန်းများမှ သတင်းအချက်အလက်များ ရယူကာ စံနှုန်းသတ်မှတ်ထားခြင်းဖြစ်ပါတယ်။ မော်တော်ယာဉ်စံနှုန်းများကို ခြောက်လတစ်ကြိမ် ပြန်လည် သုံးသပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ပြည်သူများ အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်ရန်နှင့် ပိုမို၍ ပွင့်လင်းမြင်သာတဲ့ စနစ်တစ်ခုဖြစ်စေရန် မော်တော်ယာဉ်တန်ဖိုး အလိုအလျှောက်စိစစ် ပိုမိုတွက်ချက်ပေးဆောင်နိုင်တဲ့စနစ်ကို အွန်လိုင်းမှတစ်ဆင့် အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းလည်း တင်ပြအပ်ပါတယ်။ သို့ဖြစ်ပါ၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ မော်တော်ယာဉ်ဝယ်ယူရောင်းချခြင်းများအပေါ် အခွန်စည်းကြပ်ရန် သတ်မှတ်ထားတဲ့ စံနှုန်းများကို အခွန်စည်းကြပ်ရာမှ တစ်ပြေးညီဖြစ်စေရေး ညီညွတ်မျှတမှုရှိစေရေးနဲ့ ပြည်သူများလိုက်နာကျင့်သုံးနိုင်မှုအနေအထား ရှိစေရေးတို့အတွက် သတ်မှတ်ဆောင်ရွက်ထားရှိခြင်းဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ် “ ဟု အပြီးသတ်ဖြေကြားခဲ့သည်။
သို့သော် ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် အနေဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မေးခွန်းအပေါ် ရှင်းလင်းစွာဖြေကြားသွားခြင်း မတွေ့ရသည့်အတွက် ရှင်းလင်းပြီး တိကျသည့်အဖြေ ဖြေကြားပေးရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်က တစ်ဆက်တစ်စပ်တည်းမေးခွန်းအဖြစ် ထပ်မံမေးမြန်းခဲ့သည်။

ထိုသို့ တစ်ဆက်တစ်စပ်တည်းမေးမြန်းမှုအပေါ် ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က “ အခွန်ကောက်ခံဖို့အတွက် စံနှုန်းကိုပဲ ပြုစုပြီးတော့ ဆောင်ရွက်တာဖြစ်ပါတယ်။ ကျွန်တော်တို့ ခုနက လွှတ်တော်ကိုယ်စားလှယ်ကြီး ဆွေးနွေးတဲ့ကိစ္စကတော့ ရည်ညွှန်းစျေးဆိုလိုခြင်းဖြစ်တယ်လို့ ကျွန်တော် နားလည်ပါတယ်။ ခုနက တင်ပြတဲ့အတိုင်း ဒီအခွန်ထမ်းပြည်သူများ တစ်ပြေးညီဖြစ်စေရေးအတွက် ဥပမာအားဖြင့် အိမ်၊ ခြံ၊ မြေရောင်းတဲ့အခါမှာ မြေစျေးကို ကျွန်တော်တို့ ပြည်နယ်နဲ့တိုင်းအလိုက် သတ်မှတ်ထားတဲ့ စံနှုန်းများထားရှိပါတယ်။ စံနှုန်းကို မူတည်ပြီးတော့ ကျွန်တော်တို့ အခွန်ကို ကောက်ခံဆောင်ရွက်တာဖြစ်ပါတယ်။ ပြင်ပပေါက်စျေးအနေနဲ့ကတော့ ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ စိစစ်ဆောင်ရွက်မှု မရှိသော်လည်း ကျွန်တော်တို့ ပြင်ပပေါက်စျေးကို မည်သည့်စျေးနှုန်းနဲ့ ရောင်းချကြောင်း ဖော်ထုတ်ရရှိတဲ့အခါမှာ အဲဒီအပေါ်မှာ အခွန်ကို ပြန်လည်ကောက်ခံတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ မော်တော်ယာဉ်အနေနဲ့ကလည်း စံနှုန်းကိုပဲ သတ်မှတ်ပြီးတော့ တစ်ပြေးညီဖြစ်စေရန်အတွက် မော်တော်ယာဉ်အမျိုးအစားအလိုက် ခုနက တင်ပြသလို ၁၁၁၇၂ ခုရဲ့ ထုတ်လုပ်တဲ့ခုနှစ်၊ ယာဉ်အမျိုးအစား၊ စံနှုန်းတွေကို သတ်မှတ်ဆောင်ရွက် ထားရှိတာဖြစ်ပါတယ်။ ဒါကိုလည်း အဲဒီလိုပဲ ခြောက်လတစ်ကြိမ် ပြင်ဆင်သတ်မှတ်ဖို့ ဆောင်ရွက်တာဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြင်ပပေါက်စျေးနဲ့တော့ ကျွန်တော်တို့ စံနှုန်းတွေကတော့ ကွာခြားနိုင်ပါတယ်။ ပြင်ပပေါက်စျေးကတော့ ရည်ညွှန်းစျေးကို ဆိုလိုခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ ရည်ညွှန်းစျေးကို သတ်မှတ်ဆောင်ရွက်ခြင်းမရှိပါကြောင်း”ဟု နောက်ဆုံးဖြေကြားခဲ့သည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ဇွန် ၂ ရက်တွင် ကျင်းပခဲ့ပြီး အစည်းအဝေး ဒုတိယနေ့ကို ဇွန် ၃ ရက်၊ နံနက် ၁၀ နာရီတွင် ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၅ အထွေထွေရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို မတ် ၁၆ ရက်တွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။
