
နေမိုး
၃၁. ၅. ၂၀၂၆
ယနေ့ဖြစ်ပွားသည့် နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာပေါက်ကွဲမှုမှာ မိုင်းတူးရန်လှောင်ထားသည့် ယမ်းပျော့များ ပေါက်ကွဲမှုကြောင့် ဖြစ်ပွားသည်ဟု တအာင်းအကြမ်းဖက်လက်နက်ကိုင် TNLA က ယခု ဝန်ခံလာသလို TNLA ကြောင့် ပြည်သူများ အသေအပျောက်များလွန်းသည့်အပေါ်လည်း ဝမ်းနည်းသည်ဟု ထုတ်ပြန်လာသည်။
TNLA ကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ သေကြေပျက်စီးရမှုအပေါ် TNLA ၏ ထုတ်ပြန်ချက်တွင် ၂၀၂၆ ခုနှစ်၊ မေလ ၃၁ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် နမ့်ခမ်းခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် သိုလှောင်ထား သော ယမ်းပျော့များ မတော်တဆပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

အဆိုပါပေါက်ကွဲမှုကြောင့် ကောင်းတပ်ကျေးရွာနေ မိဘပြည်သူများမှ အသက်ဆုံးရှုံးရမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု၊ နေအိမ်များ ပျက်စီးဆုံးရှုံးရမှုတို့ အများအပြားရှိခဲ့သည်။ ထို့ပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူများ၊ ထိခိုက်ဒဏ်ရာရရှိသူများနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသော မိဘပြည်သူများအတွက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အနေဖြင့် များစွာ ဝမ်းနည်းပူဆွေးရပါကြောင်းနှင့် ကျန်ရစ်သူ မိသားစုဝင်များနှင့် ထပ်တူထပ်မျှ စာနာဝမ်းနည်းကြောင်း ပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့သော ယမ်းပျော့များသည် PSLF/TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသောပစ္စည်းများ ဖြစ်သည်။ ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းများအား အသေးစိတ် စုံစမ်းစစ်ဆေးလျက်ရှိပြီး တာဝန်ရှိသူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့အပြင် ပေါက်ကွဲမှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသော မိဘပြည်သူများအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ အမြန်ဆုံး ဆောင်ရွက်နေပြီဖြစ်ကြောင်း ထုတ်ပြန်သည်။
