
သက်တံ့
၃၁. ၅. ၂၀၂၆
ကမ္ဘာ့အင်အားကြီးနိုင်ငံများဖြစ်သည့် အမေရိကန်နှင့် တရုတ်နိုင်ငံတို့၏ ရန်ပုံငွေထည့်ဝင်မှုဆိုင်ရာ ပြဿနာများကြောင့် ကုလသမဂ္ဂ (UN) သည် ဘတ်ဂျက်လည်ပတ်မှု ရပ်တန့်ကာ ဘဏ္ဍာရေးအရ ဒေဝါလီခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရပြီး သမိုင်းတစ်လျှောက် အဆိုးရွားဆုံး အကျပ်အတည်းနှင့် ကြုံတွေ့နေရကြောင်း Wall Street Journal ၏ ဖော်ပြမှုအရ သိရသည်။
အမေရိကန်အစိုးရသည် ကုလသမဂ္ဂသို့ ပေးရန်ရှိသည့် အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီသော ရန်ပုံငွေများကို ပေးသွင်းခြင်းမရှိသည့်အပြင်၊ ကုလသမဂ္ဂ၏ အစီအစဉ်အချို့မှာ ဘတ်ဂျက်သုံးစွဲမှု ဖြုန်းတီးနေသည်ဟုဆိုကာ နိုင်ငံတကာအစီအစဉ်ပေါင်း ဒါဇင်ချီမှ နုတ်ထွက်ခဲ့သည်။ နှစ်ရှည်လများ စုပုံလာခဲ့သော အဆိုပါကုလသမဂ္ဂအပေါ် အမေရိကန်၏ ကြွေးမြီပမာဏမှာ လက်ရှိတွင် အမေရိကန်ဒေါ်လာ ၄ ဘီလျံကျော်အထိ မြင့်တက်လာခဲ့ပြီ ဖြစ်သည်။
ဝါရှင်တန်အခြေစိုက် မူဝါဒလေ့လာရေးအဖွဲ့များ၏ သုံးသပ်ချက်အရ အမေရိကန်သည် ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းစဉ် (Peacekeeping Operations) များနှင့် ဒုက္ခသည်များဆိုင်ရာ အစီအစဉ်များတွင် ပွင့်လင်းမြင်သာမှု မရှိခြင်းကြောင့် ရန်ပုံငွေများကို အကြီးအကျယ် ဖြတ်တောက်ထားခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ကမ္ဘာ့ဒုတိယမြောက် အကြီးဆုံး အလှူရှင်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံကလည်း ၎င်းတို့ပေးသွင်းရမည့် ပုံမှန်ဘတ်ဂျက် ရန်ပုံငွေများကို အချိန်ဆွဲ နောက်ကျမှ ပေးသွင်းသည့် မဟာဗျူဟာကို ကျင့်သုံးနေခြင်းကြောင့် ကုလသမဂ္ဂ၏ ငွေသားစီးဆင်းမှု အကျပ်အတည်းကို ပိုမိုဆိုးရွားလာစေခဲ့သည်။ တရုတ်နိုင်ငံ၏ ယခုကဲ့သို့ ဘဏ္ဍာရေးအရ အချိန်ဆွဲနေမှုသည် အမေရိကန်နှင့် ဖြစ်ပွားနေသည့် သံတမန်ရေးရာ တင်းမာမှုများနှင့် ဆက်စပ်နေသလို၊ ကုလသမဂ္ဂအတွင်း မိမိတို့၏ ဩဇာလွှမ်းမိုးမှုကို မြှင့်တင်ရန် မဟာဗျူဟာမြောက် ကစားကွက်တစ်ခုအဖြစ် အသုံးပြုနေခြင်းဖြစ်သည်ဟု နိုင်ငံတကာလေ့လာဆန်းစစ်သူများက ထောက်ပြကြသည်။
အဆိုပါ အင်အားကြီးနှစ်နိုင်ငံ၏ ရန်ပုံငွေ ပြဿနာများကြောင့် ကုလသမဂ္ဂ၏ ပုံမှန်လုပ်ငန်းလည်ပတ်မှုများသာမက ကမ္ဘာတစ်ဝန်းရှိ အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ငြိမ်းချမ်းရေးထိန်းသိမ်းမှု မစ်ရှင်များမှာ မကြာခင်လပိုင်းအတွင်း ရပ်ဆိုင်းရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးကလည်း အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပေးသွင်းရန်ရှိသည့် ရန်ပုံငွေများကို အမြန်ဆုံး မပေးသွင်းပါက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းကြီးတစ်ခုလုံး အလုပ်မလုပ်နိုင်တော့ဘဲ ဘတ်ဂျက်လည်ပတ်မှု လုံးဝရပ်တန့်ကာ ဒေဝါလီခံရမည့် အခြေအနေသို့ ဆိုက်ရောက်သွားနိုင်ကြောင်း အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားသည်။
Ref: Wall Street Journal & RT
