MT News
၃၁. ၅. ၂၀၂၆
ဒီနေ့ည ကျင်းပနေတဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အာဆင်နယ်နဲ့ PSG တို့ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျခဲ့တာမို့ အချိန်ပို ဆက်ကန်ခဲ့ပေမဲ့လည်း အချိန်ပိုမှာလည်း ဂိုးမသွင်းနိုင်ခဲ့ကြတာကြောင့် ပင်နယ်လ်တီအဆုံးအဖြတ် ခံယူခဲ့ကြရာမှာ PSG က ဗိုလ်စွဲသွားခဲ့ပါတယ်။
အာဆင်နယ်အတွက် ဗွေဆော်ဦးဂိုးကိုတော့ ပွဲကစားချိန် ၆ မိနစ်မှာ ကိုင်ဟာဗတ်ဇ်က ထရော့ဆတ် ပေးပို့မှုကနေ PSG နောက်တန်းကို တစ်ကိုယ်တော် ဖောက်ထွက်ပြီး ဂိုးသမားအပေါ်ထောင့်ကို အပြင်းကန်ယူသွားခဲ့တာပါ။
ဂိုးရပြီးနောက်မှာ အာဆင်နယ်ဟာ ပိတ်ဆော့နေခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုကို PSG က ထိန်းချုပ်ထားခဲ့ပါတယ်။ အာဆင်နယ် ပိတ်ဆော့နေတာကြောင့် ပွဲက ထင်သလောက် ရင်ခုန်စရာဖြစ်မလာဘဲ ပထမပိုင်းပြီးသွားခဲ့ပေမဲ့ ဒုတိယပိုင်းပြန်စလို့ ၁၉ မိနစ်အကြာ ဒမ်ဘီလီက ပင်နယ်လ်တီကတစ်ဆင့် ချေပဂိုး ပြန်သွင်းယူသွားခဲ့ပါတယ်။ ဒီပင်နယ်လ်တီဟာ ၁၈ ကိုက်စည်းအတွင်းမှာ အာဆင်နယ်နောက်ခံလူ မက်စကွဲယားက ဗာရာ စခယ်လီယာကို နောက်ကနေ ဖျက်ထုတ်ရာမှာ မသေသပ်တာကြောင့် လူချကစားသလိုဖြစ်သွားလို့ ပွဲချိန် ၆၃ မိနစ်မှာ ပင်နယ်လ်တီပေးခဲ့ရတာကနေ ချေပဂိုးအသွင်းခံလိုက်ရတာ ဖြစ်ပါတယ်။







ဒီနေ့ပွဲဟာ ပွဲချိန်အတွင်းမှာ PSG က ဖိကစားနေသလိုဖြစ်နေပြီး ဂိုးကန်သွင်းခွင့် ၁၆ ကြိမ်၊ ဘောလုံးပိုင်ဆိုင်မှု ၇၂ ရာခိုင်နှုန်းအပြင် ထောင့်ကန်ဘော ဆယ်ကြိမ်အထိ ရခဲ့တာကြည့်မယ်ဆို PSG ဘယ်လောက်တောင် ဖိကစားခဲ့လဲ သိသာပါတယ်။ ဖိသာဖိထားနိုင်ပေမဲ့ ဗီတင်ဟာတို့၊ ဗာရာစခယ်လီယာတို့ ဂိုးကံခေခဲ့တာမို့ PSG တို့ ဂိုးမရခဲ့လို့ အချိန်ပိုအထိ ခရီးဆက်ခဲ့ရတာပါ။
အချိန်ပိုမှာ အာဆင်နယ်တို့ ထောင့်ကန်ဘော သုံးကြိမ် ကန်ခွင့်ရပေမဲ့ PSG ဂိုးပေါက်ကို မခြိမ်းခြောက်နိုင်ခဲ့ဘဲ PSG ကလည်း ဂိုးကန်သွင်းချက် သုံးကြိမ်နဲ့ ထောင့်ကန်ဘော တစ်ကြိမ်ထပ်တိုးလာတာကလွဲရင် အာဆင်နယ်နောက်တန်းကို မကျော်နိုင်ဖြစ်နေသလို ပွဲပြီးခါနီး ဒူအီကန်ချက်ကိုလည်း ယာယာက အလွယ်တကူကာကွယ်သွားနိုင်တဲ့နောက် ပင်နယ်လ်တီအဆုံးအဖြတ်စီ ရောက်ခဲ့ပါတယ်။
ပင်နယ်လ်တီအဆုံးအဖြတ်မှာတော့ PSG အရင်ကန်ခွင့်ရခဲ့ပြီး ရာမို့စ်ရဲ့ ပထမဂိုးဝင်သွားတာကြောင့် အာဆင်နယ်တို့ ဖိအားရောက် တန်းရောက်ခဲ့ပါတယ်။ ဒါပေမဲ့ ယော့ကရက်စ်ကလည်း ချေပဂိုးပြန်သွင်းနိုင်ခဲ့ပြန်ပါတယ်။ ဒုတိယဂိုးသွင်းယူတဲ့ ဒူအီကလည်း တာဝန်ကျေခဲ့ပေမဲ့ အာဆင်နယ်အတွက်ကန်တဲ့ အီဇီက ဟန်များပြီး တလွဲကန်သွားခဲ့ပါတယ်။ ဖိအားအောက်ရောက်သွားတဲ့ အာဆင်နယ်ကို ကယ်တင်ပေးတာက ရာရာပါ။ PSG အတွက် ကန်သွင်းတဲ့ မန်ဒက်စ်ကန်ချက်ကို လှလှပပ ကာကွယ်သွားနိုင်ခဲ့ပါတယ်။ နောက်တော့ ဒီကလန်ရိုက်စ်က အပြင်းထပ်ကန်သွင်းလို့ အာဆင်နယ်တို့ နှစ်ဂိုးနှစ်ဂိုးဖြစ်သွားခဲ့ပါတယ်။ စတုတ္ထဂိုးကို ဟာကီမီက အကောင်းဆုံးအဆုံးသတ်ခဲ့သလို မာတင်နယ်လီကလည်း အာဆင်နယ်အတွက် တာဝန်ကျေခဲ့တာကြောင့် လေးလုံးစီသွင်းအပြီးမှာ သုံးဂိုးစီဖြစ်နေခဲ့ပါတယ်။ PSG အတွက် ပဉ္စမမြောက်ပင်နယ်လ်တီကို ဘာရယ်ဒိုက တာဝန်ကျေကျေနဲ့ ဂိုးအဖြစ် ပြောင်းပေးခဲ့ပေမဲ့ အာဆင်နယ်အတွက် ဂါဘရီရယ် ကန်သွင်းမှုကို PSG ဂိုးသမား ဆိုဖိုနော့စ်က လှလှပပကာကွယ်ခဲ့တာကြောင့် အာဆင်နယ်တို့အဖို့ နောက်ဆုံးမိနစ်မှာ ချန်ပီယံဖြစ်ခွင့် လက်လွှတ်လိုက်ရပါတယ်။
တကယ်လို့သာ ဒီနေ့မှာ အာဆင်နယ်အနိုင်ရရင် ပထမဆုံးချန်ပီယံလိဂ်ချန်ပီယံသစ်ပေါ်ထွက်လာမှာဖြစ်ပေမဲ့ အဆုံးသတ်ရလဒ်မှာတော့ ဗိုလ်လုပွဲနှစ်ကြိမ်တက်ပြီး နှစ်ကြိမ်စလုံး ဒုတိယနဲ့ ကျေနပ်လိုက်ရသလို PSG ကိုပါ နှစ်ကြိမ်ဆက် ချန်ပီယံဖြစ်ခွင့် ဆက်သလိုက်ရပါတယ်။
