
သက်တံ့
၃၁. ၅. ၂၀၂၆
အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံနှင့် ပူးတွဲတီထွင်ထုတ်လုပ်ထားသည့် ဘရာမို့စ် (BrahMos) ဒုံးကျည်များကို ဗီယက်နမ်နိုင်ငံသို့ ထောက်ပံ့ ရောင်းချ ပေးမည့် သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ပြီး၊ အင်ဒိုနီးရှားနိုင်ငံနှင့်လည်း အလားတူသဘောတူညီချက် ရရှိရန် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း အိန္ဒိယကာကွယ်ရေးအတွင်းဝန် ရာဂျက်ရှ် ကူမား ဆင်းဂ် (Rajesh Kumar Singh) က စနေနေ့တွင် ပြောကြားခဲ့သည်။
၎င်းသည် စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်သည့် အာရှ၏ ထိပ်တန်းကာကွယ်ရေးဖိုရမ်တစ်ခုဖြစ်သော ရှန်ဂရီလာ ဆွေးနွေးပွဲ (Shangri-La Dialogue) တွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
အိန္ဒိယနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများအပေါ် ခိုင်မာသော ကတိကဝတ်ရှိကြောင်း ဆင်းဂ်က ပြောကြားခဲ့သော်လည်း ဘရာမို့စ်ဒုံးကျည်များနှင့် ပတ်သက်သည့် အဆိုပါ သဘောတူညီချက်များ၏ အသေးစိတ်အချက်အလက်များကိုမူ ထပ်မံထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
ပြည်တွင်းသုံးစွဲရန်နှင့် ပြည်ပသို့ တင်ပို့ရန်အတွက် ပြည်တွင်းစစ်ဘက်ဆိုင်ရာ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုကဏ္ဍကို မြှင့်တင်နေသည့် အိန္ဒိယနိုင်ငံသည် အဆိုပါ အသံထက်မြန်သော ခရုစ်ဒုံးကျည် (Supersonic Cruise Missiles) များကို ဖိလစ်ပိုင်နိုင်ငံသို့ ရောင်းချထားပြီးဖြစ်သည်။ ယခု ဗီယက်နမ်နိုင်ငံနှင့် ချုပ်ဆိုသည့် သဘောတူညီချက်သည် လေ့ကျင့်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ပံ့ပိုးမှုများအပါအဝင် ရူပီးငွေ ဘီလျံ ၆၀ (အမေရိကန်ဒေါ်လာ ၆၂၉ သန်း) ခန့် တန်ဖိုးရှိနိုင်ကြောင်း ယခင်က သတင်းရင်းမြစ်တစ်ခုက ပြောကြားထားသည်။
ဘရာမို့စ် (BrahMos) ဒုံးကျည်၏ ပြည်ပတင်ပို့မှုကဏ္ဍတွင် ဆွဲဆောင်မှု ပိုမိုမြင့်တက်လာခြင်းမှာ ၎င်း၏ စွမ်းဆောင်ရည်အစစ်အမှန်နှင့် စစ်မြေပြင်တွင် သက်သေပြပြီးဖြစ်သော တိုက်ခိုက်ရေးစွမ်းရည်များ ပေါင်းစပ်မှုအပေါ် မူတည်နေသည်။
ဘရာမို့စ်ဒုံးကျည်ကို စစ်မြေပြင်တွင် ပထမဆုံးအကြိမ် စတင်အသုံးပြုခဲ့မှုမှာ ၂၀၂၅ ခုနှစ်၊ မေလအတွင်းက ဖြစ်သည်။ အိန္ဒိယနိုင်ငံက စီမံခန့်ခွဲသည့် ကက်ရှ်မီးယားဒေသ (Union Territory) ပါဟယ်ဂမ် (Pahalgam) တွင် အရပ်သား အနည်းဆုံး ၂၆ ဦး သေဆုံးခဲ့ရသည့် စစ်သွေးကြွများ၏ တိုက်ခိုက်မှုအပြီး ပါကစ္စတန်အပေါ် ပြုလုပ်ခဲ့သော အိန္ဒိယ၏ စစ်ဆင်ရေးဖြစ်သည့် “ဆင်ဒူးစစ်ဆင်ရေး” (Operation Sindoor) အတွင်း၌ ပထမဆုံး စတင်အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ထိုစစ်ဆင်ရေးများအတွင်း အိန္ဒိယက ပစ်ခတ်သည့် ဘရာမို့စ်ဒုံးကျည်များသည် တရုတ်နိုင်ငံထုတ် စနစ်များအသုံးပြုထားသော ပါကစ္စတန်၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များကို အလွယ်တကူကျော်ဖြတ်နိုင်ခဲ့သလို၊ မိနစ်ပိုင်းအတွင်း ပါကစ္စတန်အခြေပြု အကြမ်းဖက်စခန်းများနှင့် လေတပ်စခန်းများကို ဖျက်ဆီးနိုင်ခဲ့သဖြင့် ဘရာမို့စ်ဒုံးကျည်၏ ပြည်ပတင်ပို့မှု ဆွဲဆောင်ရေးကဏ္ဍ ပိုမိုမြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ ယခုအခါ အိန္ဒိယသည် ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့ကဲ့သို့ အာဆီယံစျေးကွက်အတွင်းသို့ ၎င်း၏ စစ်ဘက်ဆိုင်ရာ ပို့ကုန်ကဏ္ဍကို ပိုမိုတိုးချဲ့လာနေခြင်းဖြစ်ကြောင်း သိရသည်။
Ref: Reuters Via SCMP
