၃၀.၅.၂၀၂၆
Written by Linn Eain
ကုန်သေတ္တာတင်ယာဉ်များ မတော်တဆဖြစ်ပွားနှုန်းနည်းပါးရန်၊ ယာဉ်မရပ်တန့်ရလမ်းများတွင် မရပ်တန့်ရန်နှင့် စည်းကမ်းနှင့်အညီ မောင်းနှင်နိုင်ရန်အတွက် ယာဉ်မောင်းကြီးများနှင့် ယာဉ်နောက်လိုက်များကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး ဟောပြောပွဲကို ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်ကုန်တင်ယာဉ်ရပ်နားစခန်းတွင် မေ ၃၀ ရက်၊ နံနက် ၉ နာရီက စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲကို မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်းမှ ဦးဆောင်ပြုလုပ်ခဲ့ပြီး အမှတ် ၃၃ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး ဆန်းညွန့်ဦး၊ Asia World ဆိပ်ကမ်းနှင့် MIP ဆိပ်ကမ်းမှ လုံခြုံရေးအရာရှိများက ဟောပြောခဲ့ကြောင်း သိရသည်။
အမှတ် ၃၃ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး ဆန်းညွန့်ဦးက “ကုန်သေတ္တာတင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေ၊ လမ်းအသုံးပြုသူတွေ၊ ဒီယာဉ်ရပ်နားစခန်းမှာရှိတဲ့ ကြီးကြပ်သူတွေကိုရော၊ ယာဉ်ပိုင်ရှင်တွေကိုရော ယာဉ်အန္တရာယ်ကင်းရှင်းစွာနဲ့ သွားလာနိုင်ဖို့ရယ်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ လမ်းညွှန်အချက်ပြတွေ နားလည်သိရှိပြီတော့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဥပဒေပါ ပြစ်ဒဏ်တွေကို သိရှိပြီး မဆုံးရှုံးသင့်တာတွေ မဆုံးရှုံးရဖို့၊ ကမ်းနားကွန်ကရစ်လမ်း၊ ကုန်သည်လမ်းများတွင် နေ့စဉ်နဲ့အမျှ ရပ်တန့်နေတာတွေ မရပ်တန့်ဖို့၊ အသိပညာပေးတာတွေ ဟောပြောဆောင်ရွက်တာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ကာလက စတင်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပိုမိုလိုက်နာ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်လျက်ရှိရာ လူကူးမျဉ်းကြားများတွင် ယာဉ်များ စည်းကမ်းမဲ့မရပ်တန့်ရန်၊ စည်းကမ်းချိုးဖောက်သည့်ယာဉ်များကို အရေးယူခြင်း၊ ကရိန်ဖြင့်ဆွဲခြင်း၊ ယာဉ်မရပ်ရ သတ်မှတ်ထားသည့် ကုန်သည်လမ်း၊ ကမ်းနားလမ်း၊ ကမ်းနားကုန်သည်လမ်းတို့တွင် ယာဉ်များမရပ်တန့်ဖို့တို့ကို ဟောပြောခြင်း၊ အသိပညာပေးခြင်းတို့ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ထိုယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဟောပြောပွဲသို့ ကုန်တင်သေတ္တာတင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၃၀၀ ဦးခန့်လာရောက် နားထောင်ခဲ့ပြီး သိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြသည်။
မြန်မာနိုင်ငံကုန်သေတ္တာတင်ယာဉ်များအသင်း၏ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌ ဦးစည်သူမောင်က “ ဒီလို ယာဉ်မောင်းကြီးတွေကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး ဟောပြောပွဲကို တစ်နှစ်ကို နှစ်ကြိမ်လောက်လုပ်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ယာဉ်မောင်းတွေ စည်းကမ်းထိန်းသိမ်းရေးရယ်၊ စနစ်တကျယာဉ်မောင်းနှင်နိုင်ဖို့၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေ ကျွမ်းကျင်ဖို့ ရည်ရွယ်ပြီးလုပ်ပါတယ်။ တကယ်လည်း ယာဉ်စည်းကမ်း၊ လမ်းစည်ကမ်းတွေ ကျွမ်းကျင်မှသာလျှင် ယာဉ်မောင်းတွေ မတော်တဆဖြစ်မှုတွေ လျော့ကျလာတဲ့ အကျိုးကျေးဇူးတွေ ရှိလာမှာဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့အသင်းကြီးက ဦးဆောင်ပြီး လုပ်တာဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။
မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်းတွင် အသင်းဝင်အမျိုးအစား သုံးမျိုးရှိပြီး ဂိတ်အသင်းဝင်း၊ ယာဉ်ပိုင်ရှင်အသင်းဝင်နှင့် ကားအသင်းဝင်တို့ဖြစ်ကြောင်း၊ အသင်းဝင် ဂိတ်အရေအတွက် ၁၀၁ ဂိတ်၊ ယာဉ်ပိုင်ရှင်အသင်းဝင် အရည်အတွက် ၄၈၃ ဦး၊ ကားအသင်းဝင်အရေအတွက် ၂၂၄၇ စီးရှိကြောင်း အသင်း၏ သတင်းနှင့်ပြန်ကြားရေးကော်မတီအဖွဲ့ဝင် ဦးမျိုးထွဋ်အောင်က ပြောကြားခဲ့သည်။
“မတ်လနဲ့ မတ်လနောက်ဆုံးပတ်လောက်မှာ ယာဉ်မတော်တဆနှုန်း တက်လာလေ့ရှိပါတယ်။ ဒီလိုမိုးဦးကျမှာလည်း မတော်တဆဖြစ်ပွားမှုနှုန်း တက်လာလေ့ရှိပါတယ်။ ဒါကြောင့် အခုလို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဟောပြောမှုကို ဒီလိုရာသီမှာ စီစဉ်ပြုလုပ်ပေးရခြင်းဖြစ်ပါတယ်။ အားလုံးကတော့ ယာဉ်မောင်းလိုင်စင်ကိုင်ဆောင်ပြီး မောင်းနှင်နေကြတဲ့ ယာဉ်မောင်းတွေဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့မှာ ကြာလာရင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေ သတိလက်လွတ်ဖြစ်လာမှာစိုးလို့ ပြန်ပြီးအသိပညာပေးဟောပြောပွဲလုပ်တာပါ” ဦးမျိုးထွဋ်အောင်က ပြောကြားခဲ့သည်။
ရန်ကုန်မြို့တွင် ဗိုလ်တထောင်ကုန်သေတ္တာယာဉ်ရပ်နားစခန်းနှင့် အလုံကုန်သေတ္တာယာဉ်ရပ်နားစခန်းတို့ အဓိကတည်ရှိပြီး ယာဉ်ရပ်နားစခန်းတစ်ခုလျှင် ယာဉ်အစီးရေ ၅၀၀ ခန့် ရပ်နားနိုင်ကြောင်း၊ ယင်းယာဉ်နားစခန်းများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ နှစ်စဉ်စာချုပ် ချုပ်ဆို၍ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကုန်သေတ္တာတင်ယာဉ်များသည် မဟာဗန္ဓုလတံတားပေါ်နှင့် တံတားအဆင်း၊ ကမ်းနားလမ်းတွင် ဗိုလ်တထောင်ဘုရားရှေ့တို့တွင် မကြာခဏယာဉ်မတော်မတဆဖြစ်ပွားလေ့ရှိကြောင်း သိရသည်။









