၃၀.၅.၂၀၂၆
Written By Thandar
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ သရုပ်ဆောင်သင်တန်းသား/ သူတွေ ရိုက်ကူးထားတဲ့ ဇာတ်လမ်းတို ၅ ကားကို ပြသခြင်း မီဒီယာမိတ်ဆက်အခမ်းအနားကို မေလ ၂၉ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး (ဗဟို)မှာ ကျင်းပခဲ့ပါတယ်။
“၁/၂၀၂၅ ရုပ်ရှင်သရုပ်ဆောင်သင်တန်းပေါ့။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကဖွင့်တဲ့ သင်တန်းဆင်းတွေကို ဇာတ်လမ်းတိုလေးတွေ ရိုက်ကူးထားတာကို ပြန်ပြတဲ့ပွဲလေးပါ။ သူတို့ရဲ့ သရုပ်ဆောင်ပိုင်းတွေ လိုအပ်ချက်ကို ပြန်ပြီးဆွေးနွေးတာပါ။ ရှေ့တုန်းကလည်း ဖွင့်ခဲ့တာရှိပါတယ်။ ကျော်ဟိန်း၊ ခန့်စည်သူ၊ သူထူးစံ၊ ခိုင်ခင်ဦး စတဲ့သူတွေလည်း အကုန်လုံးက ရုပ်ရှင်သင်တန်းဆင်းတွေပါ။ ဒီလိုပဲ ဒီဘက်ခေတ်ကလည်း ကလေးတွေ သူတို့ရဲ့ ကြိုးစားအားထုတ်မှု ကံတွေစန်းတွေနဲ့ အောင်မြင်တဲ့ သရုပ်ဆောင်တွေဖြစ်လာမယ်လို ယုံကြည်ပါတယ်”လို့ဒါရိုက်တာ အကယ်ဒမီ ဇော်မြင့်ဦး (မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး)က MT Entertainment ကိုပြောပါတယ်။
အဆိုပါ အခမ်းအနားမှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူတွေဖြစ်တဲ့ မြန်မာနိုငံရုပ်ရှင် အစည်းအရုံး ဒုတိယ ဥက္ကဋ္ဌ ဦးအေးကြူလေး၊ အတွင်းရေးမှူး ဦးချမ်းသာကြည်စိုး၊ ဦးဇော်မြင့်ဦး စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။
၁/၂၀၂၅ ခုနှစ် သင်တန်းဆင်းဇာတ်လမ်းတို ဇာတ်ကား ၅ ကားကိုပြသခဲ့သလို သင်တန်းသား အယောက် ၆၀ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ယခင်က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဒါရိုက်တာသင်တန်းဆင်းအနေနဲ့ ဒါရိုက်တာပိုင်းမှာ ညီညီထွန်းလွင်၊ စင်ရော်မောင်မောင်၊ ညိုမင်းလွင် စတဲ့သူတွေ ဒါရိုက်တာသင်တန်းဆင်းတွေလည်း ထွက်ပေါ်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
တစ်ချိန်က ရုပ်ရှင်အစည်းအရုံးက သင်တန်းဆင်းတွေကို ဗီဒီယိုခေတ်မှာ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးတင်ဆက်ခဲ့ပြီး အောင်မြင်ခဲ့မှုတွေရရှိခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိ သင်တန်းဆင်းကလေးတွေကို ရုပ်မြင်သံကြား ဇာတ်လမ်းတိုတွေမှာ အကောင်းဆုံး လုပ်ကိုင်နိုင်ဖို့ အခွင့်အရေးတွေရရှိသွားမယ်လို့လည်း ဆိုပါတယ်။
လာမယ့် ဇူလိုင်လမှာတော့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူး/ တည်းဖြတ်သင်တန်းသစ်ကို စတင်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
#ဦးဇော်မြင့်ဦး #ချမ်းသာကြည်စိုး #UZawMyintOo #ChanTharKyiSoe #MMPA #ရုပ်ရှင်အစည်းအရုံးသင်တန်း #သရုပ်ဆောင်သင်တန်း #မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး




