၃၀.၅.၂၀၂၆
Written by Linn Eain
UID စာရွက် ပျောက်ဆုံး/ပျက်စီးမှုများအတွက် နီးစပ်ရာ လဝက မြို့နယ်ဦးစီးမှူးရုံးများသို့ လူကိုယ်တိုင် သွားရောက်၍ Biometric အချက်အလက်ဖြင့် စနစ်တကျ ပြန်လည်ထုတ်ယူနိုင်မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ်မှတ်ပုံတင်ဦးစီးဌာန(e-ID Department)၏ ထုတ်ပြန်မှုအရ သိရသည်။
UID စာရွက် ပျောက်ဆုံး/ပျက်စီးမှုများအတွက် ပြန်လည်စိစစ်ထုတ်ပေးခြင်း (Reprint) လုပ်ငန်းစဉ်တွင် ကာယကံရှင်၏ Biometric အချက်အလက် (မျက်နှာ၊ လက်ဗွေ၊ မျက်စိသူငယ်အိမ်) ဖြင့် တိုက်ဆိုင်စစ်ဆေးပြီးမှသာ ပြန်လည်ထုတ်ပေးမည်ဖြစ်၍ အရေးကြီးဆုံးအချက်မှာ လူကိုယ်တိုင် သွားရောက်ရမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ပြန်လည်ထုတ်ပေးရာတွင် ပြည်သူများ၏ ကိုယ်ရေးအချက်အလက်လုံခြုံမှု (Data Privacy) ကို အပြည့်အဝ အာမခံချက်ပေးနိုင်ရန်နှင့် ကြားခံပွဲစားများ၏ ကိုယ်ကျိုးရှာအမြတ်ထုတ်မှုများမှ ကာကွယ်နိုင်ရန်အတွက် “ကာယကံရှင် အစစ်အမှန်ထံသို့သာ တိုက်ရိုက်ထုတ်ပေးခြင်း” စနစ်ကို ကျင့်သုံးဆောင်ရွက်လျက်ရှိသည်။
ပွဲစားများနှင့် ကြားခံလူများမှတစ်ဆင့် ဆောင်ရွက်ခြင်းသည် မလိုအပ်ဘဲ အချိန်ကုန်ခြင်း၊ ငွေကြေးကုန်ကျမှုရှိခြင်း၊ UID အတုအပ ပြဿနာများကြုံတွေ့နိုင်သည့်အပြင် လုံခြုံရေးဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်နိုင်ခြင်းကြောင်းလည်း e-ID Department က သတိပေးထုတ်ပြန်ထားသည်။ ယင်းနောက် မြို့နယ်ဦးစီးမှူးရုံးရှိ Biometric Enrollment and Verification စနစ်တွင် မိမိ၏ ဇီဝအချက်အလက် (Biometric Data) များကို ပေးသွင်း၍ e-ID စနစ်အတွင်းရှိ မူလအချက်အလက်များနှင့် တိုက်ဆိုင် စစ်ဆေးမှုခံယူပြီးနောက် ကာယကံရှင် အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုပြီးပါက UID စာရွက်အသစ် (Reprint) ကို ကြားခံလူများလက်သို့ မရောက်စေဘဲ ကာယကံရှင်၏ လက်ဝယ်သို့သာ တိုက်ရိုက်ထုတ်ပေးမည်ဖြစ်ကြောင်း e-ID Department က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၏ e-ID စနစ်အား အဆင့် (၅) ဆင့်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ပထမအဆင့်အနေဖြင့် Paper-based စနစ်ဖြင့် ဆောင်ရွက်ထားရှိသည့် နိုင်ငံသားများ၏ အမည်၊ အဘအမည်၊ မွေးသက္ကရာဇ်စသည့်ကိုယ်ရေးအချက်အလက်မှတ်တမ်းများအား Digital စနစ်ကိုကူးပြောင်းမှတ်တမ်းတင်သည့် Biographic Registration Process လုပ်ငန်းစဉ်ဖြစ်ကြောင်း သိရသည်။
ဒုတိယအဆင့်အနေဖြင့် နိုင်ငံသားများ၏ ဇီဝဆိုင်ရာအချက်အလက်များဖြစ်သည့် မျက်နှာသွင်ပြင်၊ လက် (၁၀)ချောင်းလက်ဗွေနှင့် မျက်စိသူငယ်အိမ်တို့ကို ကောက်ယူခြင်း၊ စိစစ်ခြင်းနှင့် Unique ID နံပါတ်ထုတ်ပေးသည့် Biometric Enrollment & Verification and UID Process လုပ်ငန်းစဉ်ဖြစ်ပြီး တတိယအဆင့်အနေဖြင့် UID နံပါတ်ထုတ်ပြီးသူများအား စမတ်ကတ်ထုတ်ပေးနိုင်ရေးအတွက် နိုင်ငံတကာစံချိန်စံညွှန်းနှင်အညီ ကတ်အလွတ်များထုတ်လုပ်မည့်လုပ်ငန်းစဉ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် စတုတ္ထအဆင့်အနေဖြင့် ထုတ်လုပ်ထားသည့် ကတ်အလွတ်များထဲသို့ ကောက်ယူထားရှိပြီး ဖြစ်သည့် နိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်များအား ထည့်သွင်းသည့် Personalization and Activation Process လုပ်ငန်းစဉ်ဆောင်ရွက်မည်ဖြစ်ပြီး ပဉ္စမအဆင့်အနေဖြင့် e-ID လုပ်ငန်းစဉ်ကြီးတစ်ခုလုံးအား Management and Control Process ပြုလုပ်သည့် လုပ်ငန်းစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
