MT News
၃၀. ၅. ၂၀၂၆
၂ဝ၂၆ ခုနှစ် အမျိုးသားအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆု (National Clean and Green School Award – 2026) များကို နေပြည်တော်တွင်ကျင်းပပြုလုပ်မည့် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အခမ်းအနားတွင် နိုင်ငံတော်အဆင့်ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံအတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အမျိုးသားအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆုချီးမြှင့်ခြင်း အစီအစဉ်ကို နှစ်စဉ် ဇွန်လ(၅) ရက်နေ့တွင်ကျင်းပပြုလုပ်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် အစီအစဉ်တစ်ရပ်အနေဖြင့်ထည့်သွင်း၍ ဆုများပေးအပ်ချီးမြှင့်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ အမျိုးသားအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆုအတွက် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ဆုယှဉ်ပြိုင် လျှောက်ထားလာသည့် (အထက်တန်းနှင့်အလယ်တန်းအဆင့်) နှင့် (မူလတန်းအဆင့်) ကျောင်းများ အနက်မှ သတ်မှတ်အမှတ်ပေးစည်းမျဉ်းများနှင့်ကိုက်ညီသော ဆယ်ကျောင်းကိုရွေးချယ်ပေးခဲ့ကြောင်းသိရသည်။
မူလတန်းအဆင့်အတွက် ရွေးချယ်ခံရသောကျောင်းများမှာ ရေကြည်မြို့နယ်၊ ရွာသစ်ရွာမှ ရောင်ပစ်ကွင်းမူလတန်းကျောင်းမှ ပထမ၊ မိုင်းယောင်းမြို့၊ အမှတ် (၅) မူလတန်းကျောင်းက ဒုတိယနှင့် တတိယဆုကို မင်းလှမြို့၊ အမှတ် (၆) မူလတန်းကျောင်းက ရရှိကာ အထူးဆုနှစ်ဆုကိုမူ မုဒုံမြို့မှ ထိန်ကုန်းမူလတန်းကျောင်းနှင့် ဟုမ္မလင်းမြို့နယ်၊ နမ့်တောစံပြကျေးရွာမှ နမ့်တောကျောင်းတို့က ရရှိခဲ့သည်။
အခြေခံပညာ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်များအတွက်မူ ပထမဆုကို ကော့သောင်းမြို့မှ အမှတ် (၁) အထက်တန်းကျောင်း၊ ဒုတိယဆုကို ပေါင်မြို့မှ အခြေခံပညာအထက်တန်းကျောင်း (ပေါင်) နှင့် တတိယဆုကို တာချီလိတ်မြို့နယ်၊ မယ်ယန်းကျေးရွာမှ မယ်ဟုတ် အထက်တန်းကျောင်းခွဲတို့က ရရှိခဲ့သလို အထူးဆုများကို မအူပင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာမှ အထက်တန်းကျောင်းနှင့် မင်းဘူးမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတို့က ရရှိခဲ့ကြောင်း သိရသည်။
အမျိုးသားအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်း ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုများအား နေပြည်တော်တွင်ကျင်းပပြုလုပ်မည့် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အခမ်းအနားတွင် နိုင်ငံတော်အဆင့်ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး အထူးဆုရရှိကြသည့် အခြေခံပညာအထက်တန်းကျောင်း (၂) ကျောင်းနှင့် မူလတန်းကျောင်း (၂)ကျောင်းတို့၏ ဆုများအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနများမှတစ်ဆင့် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပါသည်။ ဆုရရှိသူများအနေဖြင့် မိမိတို့ သတ်မှတ်ကျောင်းဝတ်စုံအပြည့်အစုံ၊ အမျိုးသမီးများ အနေဖြင့် (ရင်ဖုံးလက်ရှည်၊ ထမီ၊ ပဝါ) ဖြင့် မပျက်မကွက်တက်ရောက်ရန်၊ အခမ်းအနား မတိုင်မီ ၃-၆-၂၀၂၆ ရက်နေ့ (ဗုဒ္ဓဟူးနေ့) နေ့လယ်တွင် Rehearsal လေ့ကျင့်မည် ဖြစ်ပါသောကြောင့် နေပြည်တော်သို့ ၃-၆-၂၀၂၆ ရက်နေ့ (ဗုဒ္ဓဟူးနေ့) နံနက်ပိုင်းတွင် ရောက်ရှိရန်နှင့် နေပြည်တော်စည်ပင်ဧည့်ရိပ်သာတွင် ၃-၆-၂၀၂၆ ရက်နေ့(ဗုဒ္ဓဟူးနေ့) နေ့လယ် (၁၂) နာရီမှစတင်၍ တည်းခိုနိုင်ကြောင်း အသိပေးအပ်ထားသည်။

