သတိုး
၂၉. ၅. ၂၀၂၆
ကင်ညာနိုင်ငံ အလယ်ပိုင်းရှိ မိန်းကလေးဘော်ဒါဆောင် ကျောင်းတစ်ကျောင်းတွင် ကြာသပတေးနေ့ (မေ ၂၈ ရက်) က အိပ်ဆောင်အတွင်း မီးပြင်းထန်စွာ လောင်ကျွမ်းခဲ့သဖြင့် အနည်းဆုံး ကျောင်းသူ ၁၆ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။
ယခုဖြစ်စဉ်သည် အရှေ့အာဖရိကနိုင်ငံတစ်ခုဖြစ်သည့် ကင်ညာတွင် ကျောင်းမီးလောင်မှုကြောင့် လူသေဆုံးရသည့် နောက်ဆုံးဖြစ်ရပ်တစ်ခုဖြစ်ပြီး မီးစတင်လောင်ကျွမ်းပုံနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က အသက်ရှင်ကျန်ရစ်သည့် ကျောင်းသူများကို စစ်ဆေးမေးမြန်းနေသည်။
ကင်ညာနိုင်ငံအလယ်ပိုင်း ဂီဂီ (Gilgil) ဒေသရှိ ကျောင်းသူ ၈၀၀ ကျော် တက်ရောက်နေသော ဥတူမီရှီ မိန်းကလေးကျောင်း (Utumishi Girls School) တွင် ယခုမီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါဘေးအန္တရာယ်ကြောင့် ကျောင်းသူ ၇၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပညာရေးဝန်ကြီး ဂျူးလိယက်စ် အိုဂမ်ဘာ (Julius Ogamba) က ပြောကြားခဲ့သည်။

မီးလောင်မှုမှာ တစ်စုံတစ်ဦး၏ မရိုးမသားလုပ်ဆောင်မှုကြောင့် ဖြစ်ပွားခဲ့ခြင်း ရှိ၊ မရှိ သိရှိနိုင်ရန် စုံထောက်များက ကျောင်းသူများကို မေးမြန်းနေကြပြီး ကျောင်း၏ မီးဘေးလုံခြုံရေး လမ်းညွှန်ချက်များကို လိုက်နာမှု ရှိ၊ မရှိ အာဏာပိုင်များက စုံစမ်းစစ်ဆေးနေကြောင်း အိုဂမ်ဘာက ဆိုသည်။
သေဆုံးသူများမှာ မည်သူမည်ဝါဖြစ်သည်ကို လတ်တလောတွင် မခွဲခြားနိုင်သေးသဖြင့် ပျက်စီးသွားသော အိပ်ဆောင်အပြင်ဘက်တွင် စုဝေးနေကြသည့် မိဘများအကြား ဒေါသနှင့် စိတ်ပျက်စရာများ ဖြစ်ပေါ်နေသည်။ မိဘအချို့သည် အခင်းဖြစ်ပွားရာနေရာကို စောင့်ကြပ်နေသည့် ရဲတပ်ဖွဲ့ဝင်များကို ဒေါသတကြီး ထိပ်တိုက်ရင်ဆိုင်ကာ မီးလောင်ပြင်ရှိ သေဆုံးသူများ၏ ရုပ်အလောင်းများကို ကြည့်ရှုခွင့်ပေးရန် တောင်းဆိုခဲ့ကြသည်။
မိဘဆရာအသင်း ကိုယ်စားလှယ်ဖြစ်သူ ဘားနတ် အွမ်ဝမ်ဒို (Bernard Omwandho) ကမူ ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေစဉ်အတွင်း စိတ်အေးအေးထားကြရန် တိုက်တွန်းခဲ့သည်။

”ဒီမှာ ကျန်နေသေးတဲ့ မိဘအများစုကတော့ စစ်ဆေးမေးမြန်းခံနေရတဲ့ ကျောင်းသူတွေရဲ့ မိဘတွေပါ” ဟု ၎င်းက ပြောကြားပြီး မေးမြန်းခံနေရသူများအနေဖြင့် “တကယ် ဘာဖြစ်ခဲ့လဲဆိုတာကို အနည်းဆုံးတော့ အလင်းပြနိုင်တာ ဒါမှမဟုတ် အရိပ်အမြွက်တစ်ခုခု ပေးနိုင်လိမ့်မယ်” ဟု မျှော်လင့်ကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။
ကျောင်းသည် မြို့တော် နိုင်ရိုဘီ၏ အနောက်မြောက်ဘက် ၁၂၀ ကီလိုမီတာ (၇၅ မိုင်) ခန့်အကွာတွင် တည်ရှိသည်။ အဆိုပါ အစိုးရပိုင် အထက်တန်းကျောင်းကို ကင်ညာရဲတပ်ဖွဲ့က စီမံခန့်ခွဲပြီး ပံ့ပိုးကူညီထားခြင်းဖြစ်ကာ ကျောင်းသူအများစုမှာ ရဲတပ်ဖွဲ့ဝင်များ၏ သမီးများ ဖြစ်ကြသည်။
အဆိုပါကျောင်းတွင် သမီးနှစ်ဦး တက်ရောက်နေသည့် မိခင်ဖြစ်သူ အဲလစ်ဇဘတ် ရီအိုဘာ (Elizabeth Rioba) က သူမ၏ သမီးများကို ဘေးကင်းရန်ကင်း ပြန်တွေ့ရသဖြင့် စိတ်သက်သာရာရမိသော်လည်း သမီးငယ်တစ်ဦးမှာ သူမ၏သူငယ်ချင်း ပြတင်းပေါက်မှ ခုန်ချရန် ကြိုးစားစဉ် ပိတ်မိနေသည်ကို မြင်တွေ့ခဲ့ရသည့်အတွက် စိုးရိမ်ပူပန်မိကြောင်း ပြောကြားခဲ့သည်။
”သူ အတော်လေး စိတ်ဒဏ်ရာရသွားရှာတယ်။ ဒါပေမဲ့ သမီးလေး အဆင်ပြေပြေနဲ့ ဘေးကင်းသွားလို့ စိတ်သက်သာရာရမိသလို သေဆုံးသွားရတဲ့ ကလေးတွေအားလုံးအတွက်လည်း တကယ် စိတ်မကောင်းဖြစ်ရပါတယ်” ဟု သူမက အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

ကင်ညာကြက်ခြေနီအသင်းက ကျောင်းသူအများအပြားကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ဆေးရုံအသီးသီးတွင် ဆေးကုသမှု ခံယူနေရကြောင်း ပြောကြားသည်။ ထို့ပြင် ကျောင်းသူများနှင့် ၎င်းတို့၏ မိသားစုများအတွက် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီရေးအဖွဲ့များကို စေလွှတ်ထားကြောင်းလည်း အဖွဲ့က ဆိုသည်။
ကင်ညာသမ္မတ ဝီလျံ ရူတို (William Ruto) က ထုတ်ပြန်ချက်တစ်ခုမှတစ်ဆင့် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။ “အနာဂတ်အတွက် ကတိကဝတ်တွေ၊ မျှော်လင့်ချက်တွေ၊ အိပ်မက်တွေနဲ့ ပြည့်နှက်နေတဲ့ လူငယ်ဘဝတွေကို ဆုံးရှုံးလိုက်ရတဲ့ နာကျင်မှုကို ဘယ်စကားလုံးကမှ တကယ်ပဲ သက်သာရာမရစေနိုင်ပါဘူး” ဟု ရူတိုက ပြောကြားခဲ့သလို “မျှော်လင့်မထားတဲ့ ဒီအဖြစ်ဆိုးကြီးကို ကြုံတွေ့ခံစားနေရတဲ့ မိဘတွေ၊ အုပ်ထိန်းသူတွေ၊ ဆရာ၊ ဆရာမတွေနဲ့ အတူတူ ကျောင်းသားကျောင်းသူတွေနဲ့အတူ နိုင်ငံတစ်နိုင်ငံအနေနဲ့ ကျွန်ုပ်တို့ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါတယ်”ဟုလည်း ဖြေသိမ့်ခဲ့သည်။
အရှေ့အာဖရိကရှိ စာသင်ခန်းများနှင့် အိပ်ဆောင်များသည် မကြာခဏ လူဦးရေသိပ်သည်းလေ့ရှိပြီး မီးသတ်ကိရိယာများ အလုံအလောက်မရှိခြင်းတို့ကြောင့် ကျောင်းများတွင် မီးလောင်မှုဖြစ်ပွားခြင်းမှာ ပညာရေးတာဝန်ရှိသူများအတွက် စိုးရိမ်ပူပန်စရာ ကိစ္စတစ်ခု ဖြစ်နေသည်။ တာဝန်ရှိသူများက တစ်ခါတစ်ရံတွင် မီးလောင်ရခြင်းမှာ လျှပ်စစ်မီးကြိုးသွယ်တန်းမှု ညံ့ဖျင်းခြင်းကြောင့် ဖြစ်သည်ဟု ထောက်ပြလေ့ရှိကြသည်။

