




MT News
၂၈. ၅. ၂၀၂၆
ယခု ၂၀၂၆ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို နေပြည်တော်၌ ယနေ့ ကျင်းပခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။
အဆိုပါ အခမ်းအနားကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးမာကျားက အဖွင့်အမှာစကား ပြောကြားခဲ့ကြပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့်အတူ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများနှင့် တရုတ်သံရုံးမှ သံမှူးကြီး Shen Dan တို့ တက်ရောက်ခဲ့ကြသည်။
သံအမတ်ကြီးမာကျားက လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် ဆယ်စုနှစ်တစ်ခုအတွင်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး၊ “သေးငယ်သော်လည်း ကောင်းမွန်သည့်” စီမံကိန်း အများအပြားကို ဖော်ဆောင်နိုင်ခဲ့ကာ ပြည်သူလူထု၏ လူနေမှုဘဝအခြေအနေများကို လက်တွေ့ကျကျ မြှင့်တင်ပေးနိုင်ခဲ့၍၊ လန်ချန်း-မဲခေါင် အဖွဲ့ဝင်နိုင်ငံ ၆ နိုင်ငံတို့မှ ပြည်သူများ၏ သံယောဇဉ်နှောင်ကြိုးကို ပိုမိုခိုင်မြဲစေခဲ့ကြောင်း ပြောသည်။ တရုတ်နိုင်ငံအနေဖြင့် ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားစွာဆက်ဆံခြင်း၊ အပြန်အလှန်အကျိုးဖြစ်ထွန်းခြင်း၊ အားလုံးပါဝင်ခြင်းဟူသော အိမ်နီးချင်း သံတမန်ဆက်ဆံရေး မူဝါဒကို ကိုင်စွဲကာ၊ မြန်မာနိုင်ငံနှင့်လက်တွဲပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်း ကျယ်ပြန့်အောင် တွန်းအားပေး၍၊ ငြိမ်းချမ်းခြင်း၊ အေးချမ်းခြင်း၊ သာယာဝပြောခြင်း၊ လှပခြင်းနှင့် ချစ်ကြည်ရင်းနှီးခြင်းတို့ဖြင့် ပြည့်စုံသော လန်ချန်း-မဲခေါင် အိမ်ဂေဟာကို အတူတကွ တည်ဆောက်သွားရန်လည်း ပြောဆိုခဲ့သည်။
ထို့အတူ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေမှလည်း တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုများအတွက်ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေစီမံကိန်းများသည် ဒေသတွင်း စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော ပါဝင်ပံ့ပိုးမှုများ ပြုလုပ်ပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့အတူ မြန်မာနိုင်ငံအနေဖြင့် ဘဏ္ဍာနှစ်အသစ်၏ စီမံကိန်းများကို ကောင်းမွန်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူလူထုအတွက် ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
