
၂၈.၅.၂၀၂၆
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟီနန်ပြည်နယ်၊ အမြန်လမ်းမကြီးပေါ်တွင် ခရီးသည်တင် မီနီဗင်ကားတစ်စီး က ထရပ်ကားတစ်စီး၏ နောက်ဘက်ကို မေလ ၂၈ ရက် နံနက် ၂ နာရီ မိနစ် ၄၀ အချိန်က ဝင်တိုက်မိခဲ့ရာမှ လူ ၁၃ ဦးသေဆုံး၍ သုံးဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
မီနီဗင်ကားက ခရီးသည် အများဆုံး ကိုးဦးသာ တင်ဆောင်နိုင်သော်လည်း ၁၆ ဦးအထိ အလွန်အကျွံ တင်ဆောင်ကာမောင်းနှင်လာစဉ် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဟု တရုတ်နိုင်ငံ အများပြည်သူလုံခြုံရေး ဝန်ကြီး ဌာန ၏ ယာဉ်သွားလာမှုစီမံခန့်ခွဲရေးဗျူရိုက လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။
မီနီဗင်ကားက နန်ယန်မြို့ရှိ G40 အမြန်လမ်းမကြီးပေါ်တွင် မောင်းနှင်နေစဉ် ၎င်းရှေ့တွင် မောင်းနှင်နေသော Semi-trailer ထရပ်ကားတစ်စီးကို နောက်မှ ဝင်တိုက်မိခဲ့သည် ဟု ဗျူရိုက Weibo လူမှုမီဒီယာပလက်ဖောင်းတွင် ပြောကြားခဲ့သည်။
ဝန်ကြီးဌာနက ဖြစ်ရပ်ကို အလွန်အလေးထားကြောင်း ပြောကြားခဲ့ပြီး ယာဉ်ကြောစီမံခန့်ခွဲရေးဗျူရို အရာရှိ တစ်ဦး ဦးဆောင်သော လုပ်ငန်းအဖွဲ့တစ်ဖွဲ့ကို နန်ယန်သို့ ချက်ချင်းစေလွှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ယမန်နှစ် နိုဝင်ဘာလတွင် ဟရထားတစ်စင်းသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကူမင်းမြို့တွင် ရထားလမ်းလုပ်သားအဖွဲ့တစ်ဖွဲ့ကို ဝင်တိုက်မိခဲ့၍ ၁၁ ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကာ ဆယ်စုနှစ်တစ်ခုကျော်အတွင်း အဆိုးရွားဆုံး ရထားမတော်တဆမှုဖြစ်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဇွန်လကလည်း ချုံကင်းမြို့တွင် ယာဉ်မောင်းတစ်ဦးသည် ၎င်း၏ကားကို အကြိမ်ကြိမ် ဟွန်းတီးသည့်အတွက် ကြည့်ရှုသူများက ဝေဖန်ပြောဆိုခဲ့ကြပြီးနောက် လူအုပ်ထဲသို့ မောင်းနှင်ဝင် ရောက်ခဲ့ရာမှ လူတစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့သည်။
Ref- CNA
