သတိုး
၂၆. ၅. ၂၀၂၆
အစ္စလာမ္မစ်အစွန်းရောက်ခွဲထွက်များ ထကြွသောင်းကျန်းနေသည့် ထိုင်းနိုင်ငံတောင်ပိုင်း ပတ္တာနီခရိုင်ရှိ စာသင်ကျောင်းတစ်ခု၏ အပြင်ဘက်တွင် တနင်္လာနေ့ (မေ ၂၅ ရက်) မွန်းလွဲပိုင်းက ဟီဂျပ် (Hijab -အစ္စလာမ်ဘာသာဝင်အမျိုးသမီးများ ဝတ်ဆင်သည့် ခေါင်းခြုံပုဝါ) ဝတ်ဆင်ကာ အမျိုးသမီးအသွင်ယူထားသည့် သေနတ်သမားများက ရဲအရာရှိတစ်ဦးနှင့် သူ၏မိသားစုကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ကားအတွင်း၌ ရင်ခွင်ပိုက်ကလေးငယ်ကို ပွေ့ချီထားသည့် အဆိုပါရဲအရာရှိ၏ ဇနီးဖြစ်သူ သေဆုံးသွားခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုသည် ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်က ယာရန်း (Yarang) ခရိုင်၊ ပွန်စတာ (Pong Sta) ကျေးရွာအုပ်စုရှိ ပရာဆန်ဝိတ္တရဖောင်ဒေးရှင်းကျောင်းအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ အမျိုးသမီးဝတ်စုံများနှင့် ဟီဂျပ်များ ဝတ်ဆင်ထားသည့် တိုက်ခိုက်သူ ၄ ဦးသည် မော်တော်ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီးနောက် တွန်းလှန်နိုင်စွမ်းမရှိသည့် ကလေးငယ်နှင့် အမျိုးသမီးလိုက်ပါလာသည့် ကားနံဘေးသို့ ကပ်ကာ သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒဏ်ရာရရှိခဲ့သည့် ရဲအရာရှိမှာ ယာရင်း (Yaring) ရဲစခန်းမှ ရဲတပ်ကြပ်ကြီး အဒူလ် ဟာယီဆူလောင်ဖြစ်ကြောင်း စိစစ်သိရှိရသည်။ ၎င်း၏ဇနီးဖြစ်သူ ဖာတီမို ယာငေါ့သည် ပရာဆန်ဝိတ္တရဖောင်ဒေးရှင်းကျောင်းမှ ကျောင်းဆရာမတစ်ဦးဖြစ်ပြီး ၎င်းတို့၏ ရင်ခွင်ပိုက်ကလေးငယ်ကို ကားပေါ်တွင် ပွေ့ချီထားစဉ် ပစ်ခတ်ခံရကာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့သည်။
အဆိုပါဇနီးမောင်နှံသည် ရင်သွေးငယ်ဖြစ်သူကို ကျောင်းသို့ သွားရောက်ကြိုဆိုစဉ် ယခုကဲ့သို့ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဒဏ်ရာရရှိထားသည့် ရဲအရာရှိကို ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်ပေးခဲ့ပြီး အခင်းဖြစ်ပွားရာ နယ်မြေကို ပိတ်ဆို့ကာ သံသယရှိသူများကို လိုက်လံရှာဖွေလျက်ရှိသည်။ ထို့ပြင် နောက်ထပ်တိုက်ခိုက်မှုများ မဖြစ်ပွားစေရန်နှင့် တရားခံများကို ဖမ်းဆီးရမိနိုင်ရေးအတွက် အနီးနားရှိ နယ်မြေများတစ်လျှောက်တွင်လည်း စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ဆောင်ရွက်ထားသည်။
အမှတ် (၄) ရှေ့တန်းစစ်ဆင်ရေးဒေသ ခရိုင်တွင်းလုံခြုံရေးစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့ (ISOC Region 4 Forward Command) က ယခုတိုက်ခိုက်မှုကို ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး သေနတ်သမားများ၏ လုပ်ရပ်သည် “လူမဆန်သော လုပ်ရပ်” ဖြစ်ရုံမျှမက ဘာသာရေးအဆုံးအမများနှင့်လည်း ဆန့်ကျင်နေကြောင်း ထုတ်ပြန်ပြောကြားခဲ့သည်။
အထူးသဖြင့် သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားချိန်တွင် အမျိုးသမီးတစ်ဦးနှင့် ရင်ခွင်ပိုက်ကလေးငယ်တစ်ဦး ရှိနေခြင်းကြောင့် ယခုဖြစ်ရပ်သည် ဒေသခံပြည်သူများကို များစွာတုန်လှုပ်ခြောက်ခြားစေခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားထားသည်။
ထိုင်းနိုင်ငံတောင်ပိုင်းမှ ပတ္တာနီ (Pattani)၊ ယာလာ (Yala)၊ နာရသီဝပ် (Narathiwat) နှင့် ဆောင်ခလာ (Songkhla) ခရိုင်တို့၏ အစိတ်အပိုင်းအချို့သည် မလေးရှားနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ မလေး-မူဆလင်များဖြစ်သည်။ ၂၀၀၄ ခုနှစ်မှစတင်ပြီး ခွဲထွက်ရေးအဖွဲ့များ ထကြွသောင်းကျန်းနေကာ Barisan Revolusi Nasional (BRN) ကဲ့သို့သော အဖွဲ့မျိုးက ဦးဆောင်လှုပ်ရှားနေသည်။ အဆိုပါ အစ္စလာမ္မစ်အစွန်းရောက် ခွဲထွက်သောင်းကျန်းသူများက ထိုင်းအစိုးရ၏ အုပ်ချုပ်ရေးယန္တရားကို ကိုယ်စားပြုသည့် ရဲ၊ စစ်တပ်နှင့် ထိုင်းအစိုးရ၏ ပညာရေးစနစ်ကို သင်ကြားပေးနေသည့် ကျောင်းဆရာ၊ ဆရာမများအပြင် ဗုဒ္ဓဘာသာ ဘုန်းကြီးများကိုပါ အဓိက ပစ်မှတ်ထား သတ်ဖြတ်လေ့ရှိပြီး မွတ်စလင်မ်အစွန်းရောက်များ ထကြွသောင်းကျန်းသည့် ဆယ်စုနှစ် နှစ်ခုအတွင်း ထိုင်းပြည်သူပေါင်း ၇၀၀၀ ကျော် သေဆုံးခဲ့ရသည်။
Ref : Khaosod


