၂၆.၅.၂၀၂၆
Translated by Htwe Ko Tun
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မြောက်ဘက်၊ ပမ်ပန်ဂါပြည်နယ်၊ အိန်ဂျလိစ်မြို့တွင် အဆောက်အအုံတစ်ခု မေလ ၂၄ ရက်က ပြိုကျခဲ့ရာ အနည်းဆုံး လူလေးဦးသေဆုံးပြီး အပျက်အစီးများကြားတွင် ပိတ်မိနေသည်ဟု ယုံကြည်ရသော ပျောက်ဆုံးနေသူ ၁၂ ဦးအား နှစ်ရက်ကြာ ကယ်ဆယ်ရေးလုပ်ငန်းကိုလည်း ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း မေလ ၂၅ ရက်နှောင်းပိုင်းတွင် အရေးပေါ်အရာရှိများက ပြောကြားခဲ့သည်။
မလေးရှားနိုင်ငံသားတစ်ဦးနှင့် ပိတ်မိနေသော ဆောက်လုပ်ရေးလုပ်သားနှစ်ဦးအပါအဝင် လူလေးဦး၏ ရုပ်အလောင်းများကို ပြိုကျခဲ့သော ကိုးထပ်မြင့် ကွန်ဒိုအဆောက်အအုံစီမံကိန်း၏ အပျက်အစီးများကြားမှ ဆွဲထုတ်နိုင်ခဲ့ပြီဖြစ်သည်။ ကွန်ဒိုအဆောက်အအုံက မနီလာမြို့မြောက်ဘက် အိန်ဂျလိစ်မြို့တွင် တည်ရှိပြီး မေလ ၂၄ ရက်အစောပိုင်းက အနီးနားရှိ ဟိုတယ်တစ်ခုပေါ်သို့ ပြိုကျခဲ့ခြင်းဖြစ်သည်။
ကယ်ဆယ်ရေးအရာရှိများက မေလ ၂၄ ရက် အစောပိုင်းတွင် အပူအာရုံခံကိရိယာများဖြင့် ထောက်လှမ်းသည့်အခါ အပျက်အစီးများအကြားတစ်နေရာ၌ အသက်ရှင်နေသူရှိနိုင်သည့် လက္ခဏာများတွေ့ ခဲ့ရ၍ အပျက်အစီးများအောက်၌ အသက်ရှင်နေသူ ရှိလိမ့်ဦးမည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော် အသက်ရှင်ကျန်ရစ်သူ (သို့မဟုတ်) သေဆုံးနေသည့်ရုပ်အလောင်းများ ထပ်မံမတွေ့ရှိခဲ့ရဘဲ ကယ်ဆယ်ရေးလုပ်ငန်းကိုလည်း မေလ ၂၅ ရက်နှောင်းပိုင်းတွင် ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။
သေဆုံးသူများအနက် ဟိုတယ်တွင်တည်းသည့် ဧည့်သည်တစ်ဦးဖြစ်သည့်မလေးရှားအမျိုးသားနှင့် ဆောက်လုပ်ရေး လုပ်သားနှစ်ဦးတို့ကို မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ သို့သော် အတည်ပြုထားသော စတုတ္ထမြောက် သေဆုံးသူကို မဖော်ထုတ်နိုင်သေးပေ။
အရာရှိများက ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လူ ၇၀ အထိ ပုံမှန်အလုပ်လုပ်ကိုင်နေသော်လည်း အများစုမှာ စနေ၊ တနင်္ဂနွေတွင် အိမ်ပြန်သွားကြခြင်းဟု ပြောကြားခဲ့သည်။
အဆောက်အအုံပြိုကျချိန်က အဆောက်အအုံအတွင်း ၁၆ ဦးရှိနေရာ ၁၂ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး အများစုမှာ ထိုအချိန်က လုပ်ငန်းခွင်တွင် အိပ်ပျော်နေသော ဆောက်လုပ်ရေးလုပ်သားများဖြစ်ကြောင်း သိရသည်။
ပြိုကျရသည့် အကြောင်းရင်းကို မသိရသေးသော်လည်း စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့များက စီမံကိန်းကို စောင့်ကြည့်နေခဲ့သည်။
Ref-AFP
