သက်တံ့
၂၆. ၅. ၂၀၂၆
ဂျပန်နိုင်ငံတွင် ၂၄ နာရီစတိုးဆိုင် (Convenience Store) စနစ်ကို စတင်ပျိုးထောင်ခဲ့သူနှင့် Seven & I Holdings ဥက္ကဋ္ဌဟောင်းဖြစ်သူ မစ္စတာ တိုရှီဖူမိ ဆူဇူကီ (Toshifumi Suzuki) သည် မေလ ၁၈ ရက်နေ့က နှလုံးစက်ရပ်ပြီး ကွယ်လွန်သွားခဲ့ကြောင်း အဆိုပါကုမ္ပဏီက တနင်္လာနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ မစ္စတာ တိုရှီဖူမိ ဆူဇူကီသည် ကွယ်လွန်ချိန်တွင် အသက် ၉၃ နှစ် ရှိပြီဖြစ်သည်။
“မစ္စတာ ဆူဇူကီရဲ့ တစ်သက်တာ ဖြတ်သန်းမှုနဲ့ လုပ်ငန်းခွင်တစ်လျှောက် ရရှိခဲ့တဲ့ ပံ့ပိုးကူညီမှုတွေ၊ စေတနာတွေအတွက် ကျွန်တော်တို့အနေနဲ့ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်” ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
7-Eleven စတိုးဆိုင်များကို ဂျပန်နိုင်ငံသို့ အောင်မြင်စွာ တင်သွင်းခဲ့သူအဖြစ် လူသိအများဆုံးဖြစ်သည့် မစ္စတာ ဆူဇူကီသည် မကွယ်လွန်မီအချိန်အထိ ကုမ္ပဏီ၏ ဂုဏ်ထူးဆောင်အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
မစ္စတာ ဆူဇူကီကို ၁၉၃၂ ခုနှစ်တွင် နာဂါနို (Nagano) မြို့၌ မွေးဖွားခဲ့ပြီး မောင်နှမများပြားသည့် မိသားစုတွင် ကြီးပြင်းခဲ့သည်။ သူသည် အစပိုင်းတွင် နိုင်ငံရေးလောကသို့ ဝင်ရောက်ရန် ရည်မှန်းခဲ့သော်လည်း နောက်ပိုင်းတွင် စီးပွားရေးဘက်သို့ အာရုံပြောင်းခဲ့ကာ နောက်ဆုံး၌ ထင်ရှားသည့် ကုန်စုံဆိုင်လုပ်ငန်းကြီးဖြစ်သော Ito-Yokado Co. တွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။
၁၉၇၀ ပြည့်လွန်နှစ်များအတွင်း အမေရိကန်ရှိ Denny’s မိသားစုစားသောက်ဆိုင်လုပ်ငန်းနှင့် လိုင်စင်စာချုပ်ချုပ်ဆိုရန် သွားရောက်စဉ် လမ်းခရီး၌ 7-Eleven စတိုးဆိုင်များကို စတင်သတိပြုမိခဲ့ခြင်း ဖြစ်သည်။ ၎င်းဆိုင်များ၏ အဆင်ပြေလွယ်ကူမှုကို သဘောကျသွားခဲ့သဖြင့် ယင်းစနစ်ကို ဂျပန်နိုင်ငံသို့ တင်သွင်းရန် စိတ်အားထက်သန်ခဲ့ကြောင်း သူက နောက်ပိုင်းအင်တာဗျူးများတွင် ထည့်သွင်းပြောကြားခဲ့သည်။ ထို့နောက် မစ္စတာ ဆူဇူကီက ဂျပန်နိုင်ငံ၏ ပထမဆုံးသော 7-Eleven ဆိုင်ခွဲကို အမေရိကန်ကုမ္ပဏီ Southland Corporation ထံမှ တရားဝင် ကုန်အမှတ်တံဆိပ်နှင့် လုပ်ပိုင်ခွင့် လိုင်စင် (Franchise License) ကို စနစ်တကျ ဝယ်ယူပြီး ၁၉၇၄ ခုနှစ်တွင် ၂၄ နာရီပတ်လုံးဖွင့်လှစ်သည့် 7-Eleven စတိုးဆိုင်များကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။
ထိုစဉ်က အဆိုပါအိုင်ဒီယာအပေါ် ကန့်ကွက်သူများစွာ ရှိခဲ့ပြီး မိမိအနေဖြင့် ရေဆန်လမ်းကို ခဲရာခဲဆစ် လျှောက်လှမ်းခဲ့ရကြောင်း မစ္စတာ ဆူဇူကီက ပြန်ပြောင်းပြောပြခဲ့သည်။ သို့သော်လည်း သူသည် အမေရိကန်စင်ပေါ်ရှိ အဓိကအစားအစာဖြစ်သော ပေါင်မုန့်များနေရာတွင် ဂျပန်တို့၏ အိုနီဂီရိ (Onigiri – ထမင်းဆုပ်) များဖြင့် အစားထိုးရောင်းချရန် ရည်ရွယ်ကာ အမှတ်တံဆိပ်လိုင်စင်ကို ရယူပြီး ရှေ့ဆက်ခဲ့သည်။
သူ၏ အမြော်အမြင်သည် ဂျပန်နိုင်ငံအတွက် လမ်းပွင့်သွားစေခဲ့ပြီး အလုပ်ချိန်ရှည်လျားသူများနှင့် အလုပ်လုပ်ကိုင်နေသည့် အိမ်ထောင်စုများအတွက် အနီးအနား၌ အရေးတကြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် အသက် သွေးကြောတစ်ခု ဖြစ်လာခဲ့သည်။
ထို့နောက်တွင် အမေရိကန်အခြေစိုက် Lawson နှင့် ဂျပန်ပြည်တွင်းဖြစ် FamilyMart ကဲ့သို့သော ပြိုင်ဘက်ကုမ္ပဏီများ လျင်မြန်စွာ ပေါ်ထွက်လာခဲ့သည်။ သို့သော်လည်း 7-Eleven သည် ဂျပန်နိုင်ငံတစ်ဝန်း၌ ဆိုင်ခွဲပေါင်း ၂၁,၉၄၁ ဆိုင်နှင့် ကမ္ဘာတစ်ဝန်းတွင် ဆိုင်ခွဲပေါင်း ၈၅,၀၀၀ ဖြင့် အကြီးမားဆုံးသော စတိုးဆိုင်ကွန်ရက်အဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်သည်။
၁၉၉၀ ပြည့်နှစ်တွင် အမေရိကန်အခြေစိုက် မိခင်ကုမ္ပဏီ Southland Corporation ဒေဝါလီခံရပြီးနောက် မစ္စတာ ဆူဇူကီက ယင်းကုမ္ပဏီကို ဝယ်ယူခဲ့ပြီး အမေရိကန်အပါအဝင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လုပ်ငန်းများကို တိုးချဲ့ခဲ့သည်။
လက်ရှိအချိန်တွင် ဂျပန် Convenience Store များသည် ATM စက်များ၊ မိတ္တူကူးစက်များမှစ၍ ကုန်ကျစရိတ်ပေးချေမှုများနှင့် စာတိုက်ဝန်ဆောင်မှုများအထိ အရာအားလုံးကို ဝန်ဆောင်မှုပေးနေပြီ ဖြစ်သည်။ ၎င်းတို့၏ ဆိုင်စင်ပေါ်တွင် မိတ်ကပ်များ၊ ဆေးဝါးများနှင့် အစားအစာမျိုးစုံကို ရောင်းချပေးနေသည့်အပြင် သဘာဝဘေးအန္တရာယ် ကြုံတွေ့ရချိန်တွင်လည်း အရေးပေါ်ကူညီပေးနိုင်သည့် အခြေခံအဆောက်အအုံများအဖြစ်ပါ လုပ်ဆောင်ပေးလျက်ရှိသည်။
သို့သော်လည်း Seven & I ကုမ္ပဏီအတွက် အရာရာတိုင်း ချောမွေ့ခဲ့သည်တော့မဟုတ်ပေ။ ကုမ္ပဏီအတွင်းပိုင်း၌ အာဏာလုပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ပြင်ပအဖွဲ့အစည်းများ၏ ဝင်ရောက်စွက်ဖက်မှုကိုလည်း ခံခဲ့ရသည်။
၂၀၁၆ ခုနှစ်တွင် မစ္စတာ ဆူဇူကီသည် အမေရိကန်မှ တက်ကြွလှုပ်ရှားသူ ရင်းနှီးမြှုပ်နှံသူ မစ္စတာ ဒန်နီရယ် လိုးဘ် (Daniel Loeb) နှင့် အာဏာပြိုင်ပွဲဖြစ်ပွားစဉ် ဒါရိုက်တာဘုတ်အဖွဲ့၏ ထောက်ခံမှုမရရှိခဲ့ဘဲ စီအီးအိုအဖြစ်မှ ရုတ်တရက် နုတ်ထွက်ခဲ့ကာ ဂျပန်စီးပွားရေးလောကနှင့် ကမ္ဘာ့ကော်ပိုရိတ်လောကကို တုန်လှုပ်စေခဲ့သည်။
မစ္စတာ ဆူဇူကီသည် ထိုစဉ်က ၂၄ နာရီစတိုးဆိုင်ကဏ္ဍကို ကြီးကြပ်နေသည့် မစ္စတာ ရူအီချီ အီဆာကာ (Ryuichi Isaka) ကို ရာထူးမှဖယ်ရှားရန် ကြိုးပမ်းခဲ့သည်။ သို့သော်လည်း မစ္စတာ လိုးဘ်က ဆူဇူကီ၏ ကျန်းမာရေးမကောင်းမှုကို အကြောင်းပြကာ စွပ်စွဲခဲ့ခြင်း၊ ဆူဇူကီက သူ၏သားဖြစ်သူကို ကုမ္ပဏီ၏ ဥက္ကဋ္ဌအသစ်အဖြစ် ခန့်အပ်ရန် လမ်းခင်းနေသည်ဟူသော ဝေဖန်မှုများ ထွက်ပေါ်လာခြင်းတို့ကြောင့် သူသည် ရာထူးမှ နှုတ်ထွက်ခဲ့ရသည်။
မစ္စတာ ဆူဇူကီက ၎င်း၏လုပ်ရပ်သည် စီမံခန့်ခွဲမှုအပြောင်းအလဲ မအောင်မြင်မှုအတွက် တာဝန်ယူခြင်းဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ သူသည် ဆက်ခံမည့်သူကို အမည်မဖော်ပြခဲ့ဘဲ မိမိအနေဖြင့် ယင်းရာထူးနှင့် မထိုက်တန်ကြောင်းသာ ပြောကြားခဲ့သည်။ နောက်ပိုင်းတွင် မစ္စတာ အီဆာကာက စီအီးအို ဖြစ်လာခဲ့ပြီး ၎င်းနောက်တွင် မစ္စတာ စတီဖင် ဒေးကပ်စ် (Stephen Dacus) က ဆက်လက်တာဝန်ယူခဲ့သည်။
၂၀၂၅ ခုနှစ်တွင် ကနေဒါအခြေစိုက် Alimentation Couche-Tard ကုမ္ပဏီက Seven & I ကို ယန်း ၆ ဒသမ ၇၇ ထရီလျံ (အမေရိကန်ဒေါ်လာ ၄၄ ဒသမ ၄ ဘီလျံ) ဖြင့် ဝယ်ယူရန် ကမ်းလှမ်းခဲ့သည်။ သို့သော် ပြင်းပြင်းထန်ထန် ကန့်ကွက်မှုများနှင့် မီဒီယာများတွင် အပြန်အလှန် ဝေဖန်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ကနေဒါကုမ္ပဏီက ၎င်း၏ကမ်းလှမ်းမှုကို ပြန်လည်ရုပ်သိမ်းသွားခဲ့သည်။
လက်ရှိ စီအီးအို မစ္စတာ ဒေးကပ်စ်၏ လက်အောက်တွင် ကုမ္ပဏီသည် အမေရိကန်ဈေးကွက်သို့ လုပ်ငန်းတိုးချဲ့ရန် ရည်မှန်းထားသော်လည်း လတ်တလောတွင် အမေရိကန်ရှိ ဆိုင်ခွဲပေါင်း ရာနှင့်ချီကို ပိတ်သိမ်းနေရသည်။ ပြီးခဲ့သည့် ဧပြီလတွင် ကုမ္ပဏီသည် အမေရိကန်စတော့ဈေးကွက်၌ စာရင်းသွင်းမည့် အစီအစဉ်ကို ၂၀၂၇ ခုနှစ်အထိ ရွှေ့ဆိုင်းခဲ့သည်။
မကြာသေးမီနှစ်များအတွင်း ဂျပန် Convenience Store များသည် နိုင်ငံတကာခရီးသွားများကို ဆွဲဆောင်နိုင်ခဲ့ပြီး ဂျပန်သို့လာရောက်သည့် ခရီးသွားအများစု သွားရောက်လေ့ရှိသည့်နေရာ ဖြစ်လာခဲ့သည်။ စျေးကွက်သုတေသနလုပ်ငန်းတစ်ခုဖြစ်သည့် JapanConsuming ၏ အဆိုအရ ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် 7-Eleven ဆိုင်ခွဲပေါင်း ၂၁,၀၀၀ ၏ ၉၉ ဒသမ ၄ ရာခိုင်နှုန်းခန့်သို့ ကမ္ဘာလှည့်ခရီးသွားများ ဝင်ရောက်အားပေးခဲ့ကြောင်း သိရသည်။
Ref : The Japan Times
