သက်တံ့
၂၆. ၅. ၂၀၂၆
တရုတ်နိုင်ငံသား ၅ ဦးကို ပြန်ပေးဆွဲပြီး ငွေညှစ်ခဲ့မှုဖြင့် ဖမ်းဆီးထားသည့် ထိုင်းရဲအရာရှိ ၆ ဦးသည် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် လုပ်ကိုင်နေသည့် ပိုမိုကြီးမားသော နယ်စပ်ဖြတ်ကျော် မှောင်ခိုကွန်ရက်များ၊ ကျားဖြန့်ဂိုဏ်းများနှင့် ဆက်နွှယ်နေသည့် သက်သေအထောက်အထားများကို စုံစမ်းစစ်ဆေးသူများက ဖော်ထုတ်ရရှိထားကြောင်း တော်ဝင်ထိုင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဒုတိယဗိုလ်ချုပ်ကြီး ထရိုင်ရွန် ဖီဖန် (Pol Lt Gen Trairong Phiwphan) က ပြောကြားခဲ့သည်။
အဆိုပါ မှောင်ခိုကွန်ရက်တွင် ပါဝင်ပတ်သက်နေသည့် သံသယရှိသူများထဲ၌ ထိုင်း၊ တရုတ်နှင့် ကမ္ဘောဒီးယား နိုင်ငံသားများ ပါဝင်ပြီး ကမ္ဘောဒီးယားနိုင်ငံသား အချို့မှာ နယ်စပ်ဒေသတွင် ဩဇာလွှမ်းမိုးမှုရှိသူများ ဖြစ်သည်ဟု အာဏာပိုင်များက ထုတ်ဖော်ပြောဆိုသည်။
ဆကဲအိုခရိုင် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများအရ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများနှင့် ကမ္ဘောဒီးယားအခြေစိုက် အွန်လိုင်းလိမ်လည်မှု ကျားဖြန့်ဂိုဏ်းများအကြား ထင်ရှားသော ဆက်နွှယ်မှုများကို တွေ့ရှိခဲ့ရသည်။ ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံသားများသည် ကြားခံပွဲစားများအဖြစ် ဆောင်ရွက်ခဲ့ကြပြီး ထိုင်းရဲအရာရှိများနှင့် ထိုင်းနိုင်ငံသားများကမူ နိုင်ငံအတွင်းသို့ တရားမဝင် ခိုးသွင်းလာသူများကို လက်ခံပေးသည့် တာဝန်ကို ယူခဲ့ကြကြောင်း သိရသည်။ ရဲတပ်ဖွဲ့အနေဖြင့် ၎င်းတို့ကို နိုင်ငံဖြတ်ကျော် စနစ်တကျဖွဲ့စည်းထားသော ရာဇဝတ်မှုဥပဒေများ (Transnational Organised Crime Laws) ဖြင့် တရားစွဲဆိုရန် စီစဉ်လျက်ရှိသည်။
လက်ရှိအချိန်အထိ ရဲအရာရှိ ၆ ဦးကို အမှုဖွင့် အရေးယူထားပြီး ဖြစ်သည်။ အစပိုင်းတွင် ရဲအရာရှိ ၄ ဦးနှင့် အရပ်သား ၁ ဦးကို ဖမ်းဆီးခဲ့ပြီးနောက် နောက်ထပ် ရဲအရာရှိ ၂ ဦးကို ထပ်မံဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ စုံစမ်းစစ်ဆေးသူများ၏ အဆိုအရ ယခုဖမ်းဆီးရမိထားသည့်အဖွဲ့သည် တရုတ်နိုင်ငံသားများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့် ငွေညှစ်ပြီးနောက် ပြန်လည်လွှတ်ပေးခဲ့ခြင်းတို့တွင် တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့သည့် ရဲအရာရှိအားလုံး ဖြစ်သည်ဟု ယုံကြည်ရသည်။
စုံစမ်းစစ်ဆေးရေးမှူးများသည် နောက်ထပ် ပါဝင်ပတ်သက်သူများ ရှိ၊ မရှိ ဖော်ထုတ်နိုင်ရေးအတွက် လက်ကိုင်ဖုန်း အချက်အလက်များ၊ CCTV မှတ်တမ်းများ၊ ဘဏ်စာရင်းများနှင့် ခရစ်ပ်တိုငွေကြေး (Cryptocurrency) လွှဲပြောင်းမှုများ အပါအဝင် ဒစ်ဂျစ်တယ် သက်သေအထောက်အထားများကို ဆက်လက်စုဆောင်းလျက်ရှိသည်။ ဖုန်းများနှင့် လုံခြုံရေးကင်မရာများမှ ရရှိထားသည့် သက်သေအထောက်အထားများမှာ ခိုင်လုံမှုရှိပြီးဖြစ်ကြောင်းနှင့် ငွေကြေးစီးဆင်းမှု လမ်းကြောင်းများကိုမူ ဆက်လက်ခြေရာခံနေဆဲဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
Ref : Bangkok Post
