သတိုး
၂၂. ၅. ၂၀၂၆
မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ကိုးကန့်တရုတ်လက်နက်ကိုင်အဖွဲ့နှင့် ဆက်နွှယ်နေသည့် အဓိက အွန်လိုင်းငွေလိမ်မှုကျားဖြန့်ဂိုဏ်းကြီးတစ်ခုတွင် ပါဝင်ပြီး လိမ်လည်မှု၊ လူသတ်မှု၊ ငွေညှစ်မှု အပါအဝင် ပြစ်မှုပေါင်းများစွာဖြင့် စွပ်စွဲခံထားရသည့် ကိုးကန့်တရုတ်လက်နက်ကိုင်ဟောင်း ဗိုလ်မှူးကြီးဝေဆန်းအပါအ၀င် တရားခံသုံးဦးအား ဖူကျန့် (Fujian) ပြည်နယ်တွင် လေးရက်ကြာ စစ်ဆေးခဲ့သည့် တရားခွင်ကို သောကြာနေ့ (မေလ ၂၂ ရက်) တွင် အပြီးသတ်လိုက်ကြောင်း သိရသည်။
ချွမ်ကျိုး (Quanzhou) တရားရုံးသည် အဆိုပါအမှုကို အင်္ဂါနေ့မှစတင်ကာ လူအများရှေ့မှောက်တွင် လူအများအပြား တက်ရောက်နိုင်သည့် တရားခွင်ဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး စီရင်ချက်ကိုမူ နောက်ပိုင်းတွင်မှ ထုတ်ပြန်ကြေညာသွားမည်ဟု ပြောကြားခဲ့သည်။

တရားလိုအစိုးရအဖွဲ့၏ ပြောကြားချက်အရ ၂၀၁၉ ခုနှစ်ကတည်းက ဝေဆန်း (Wai San) ဦးဆောင်သည့် တရားခံများသည် မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ဒေသရှိ ၎င်းတို့၏ သြဇာအာဏာကို အလွဲသုံးစားလုပ်ကာ ငွေကြေးထောက်ပံ့သူများနှင့် လက်နက်ကိုင် အကာအကွယ်များကို ဆွဲဆောင်နိုင်မည့် အွန်လိုင်းငွေလိမ်ကျားဖြန့်ဂိတ်ဝင်း အမြောက်အမြားကို တည်ထောင်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဂိတ်ဝင်းများက တရုတ်နိုင်ငံသားများကို ပစ်မှတ်ထား၍ အွန်လိုင်းမှတစ်ဆင့် ငွေလည်ခြင်း၊ နယ်စပ်ဖြတ်ကျော် တရားမဝင် လူမှောင်ခိုကူးခြင်းနှင့် ပြန်ပေးဆွဲ ငွေညှစ်ခြင်းလုပ်ငန်းများ လုပ်ကိုင်ရန် အသုံးပြုခဲ့ကြသည်။
ဝေဆန်း၏ ကျားဖြန့်ဂိုဏ်းသည် တရုတ်ယွမ်ငွေ ၂ ဒသမ ၄ ဘီလျံကျော် (အမေရိကန်ဒေါ်လာ ၃၅၃ သန်းခန့်) ကို လိမ်လည်ခဲ့ပြီး ၎င်းတို့၏ လုပ်ရပ်များကြောင့် တရုတ်နိုင်ငံသား နှစ်ဦး သေဆုံးခဲ့ရကြောင်း တရားလိုအဖွဲ့က တရားခွင်တွင် တင်ပြခဲ့သည်။ ထို့အပြင် ယင်းဂိုဏ်းနှင့် ဆက်နွှယ်နေသည့် အခြားတရားခံတစ်ဦးသည်လည်း အခြား တရုတ်နိုင်ငံသား နှစ်ဦးကို သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်နေသည်ဟုဆိုသည်။

တရားလိုအစိုးရ ရှေ့နေများက တရားခွင်တွင် သက်သေအထောက်အထားများကို တင်သွင်းခဲ့ပြီး တရားခံများနှင့် ၎င်းတို့၏ ရှေ့နေများက ထုချေချေပခဲ့ကြသည်။ အဆိုပါ တရားခွင်သို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးအကြံပေးများအပြင် သေဆုံးသူများနှင့် တရားခံများ၏ မိသားစုဝင်များလည်း တက်ရောက်ခဲ့ကြသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အောက်တိုဘာလအတွင်းက ချွမ်ကျိုးမြို့မှ အစိုးရရှေ့နေများသည် အဆိုပါ ဂိုဏ်းအား တရားဝင် စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။
တရုတ်အာဏာပိုင်များသည် မကြာသေးမီနှစ်များအတွင်း အွန်လိုင်းငွေလိမ်မှုများ၊ အထူးသဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းရှိ နယ်စပ်ဖြတ်ကျော် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို နှိမ်နင်းရာတွင် ပိုမိုတင်းကျပ်စွာ ဆောင်ရွက်လာခဲ့သည်။ ပြီးခဲ့သည့် မတ်လက ထုတ်ပြန်ခဲ့သည့် တရားဝင် အချက်အလက်များအရ ၂၀၂၅ ခုနှစ်အတွင်း အွန်လိုင်းငွေလိမ်မှုဖြင့် လူပေါင်း ၆၉,၀၀၀ ခန့်ကို တရားစွဲဆိုခဲ့ကြောင်း သိရသည်။ ထို့အပြင် တရုတ်ပြည်သူ့တရားလွှတ်တော်ချုပ်၏ နှစ်ပတ်လည် အစီရင်ခံစာတွင် မြန်မာနိုင်ငံအခြေစိုက် မိသားစုလိုက် ဦးဆောင်သည့် အွန်လိုင်းငွေလိမ်ဂိုဏ်းကြီးများနှင့် ဆက်နွှယ်နေသည့် တရားခံ ၁၆ ဦးကို ပြီးခဲ့သည့်နှစ်က သေဒဏ်ချမှတ်ခဲ့ကြောင်း ဖော်ပြထားသည်။
Ref : China Daily
