နေမိုး
၂၂. ၅. ၂၀၂၆
ပြည်သူတွေ မကြာခဏသတ်ဖြတ်ခံနေရတဲ့ သံဖြူဇရပ်မှာ MPT ဝန်ထမ်းနှစ်ဦး ထပ်မံသတ်ဖြတ်ခံရပြန်တယ်လို့ သိရပြီး တစ်ပတ်အတွင်း ငါးယောက်အထိ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်၊ မေ ၁၉ ရက် မွန်းတည့် ၁၂ နာရီမှာ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အောင်ဇေယျရပ်ကွက်နေ ဦးမိုးမင်းသန့်(၃၃)နှစ်နဲ့ ကိုမိုးမင်းထက်(၂၉)နှစ်တို့ဟာ ဝဲခမိကျေးရွာဆီ သံဖြူဇရပ်-ကရုပ္ပိ-ထင်းရူး-အနင်းသွားကားလမ်းအတိုင်း မော်တော်ယာဉ်တစ်စီးနဲ့ ထွက်ခွာလာချိန် ကော့လေးကျေးရွာအနီးအရောက်မှာ PDF တွေက မော်တော်ယာဉ်ကို တားဆီးပြီး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားခဲ့လို့ နှစ်ဦးစလုံးမှာ ကျည်ထိမှန် ဒဏ်ရာတွေရရှိကာ သေဆုံးသွားခဲ့တာလို့ မေ ၂၂ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။




ဒေသခံတွေဆီက သိရှိရတဲ့သတင်းတွေနဲ့ ပြည်တွင်းသတင်းဌာနတွေမှာ ဖော်ပြမှုအရ သတ်ဖြတ်ခံ ဦးမိုးမင်းသန့်နဲ့ ကိုမိုးမင်းထက်တို့ဟာ လုပ်သက် ရှစ်နှစ်ခန့်ရှိတဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ဝန်ထမ်းတွေဖြစ်ပြီး PDF တွေက လူကိုသတ်ဖြတ်တဲ့အပြင် ကားကိုပါ လုယက်သွားကြတယ်လို့ ဆိုပါတယ်။
“သံဖြူဇရပ်၊ ကရုပ္ပိနားမှာ MPT ဝန်ထမ်းတွေ သတ်ခံရတဲ့သတင်းဟာ တို့ မွန်တွေကို အရှက်ရ
စေပါတယ်။ ဝန်ထမ်းသစ်လည်းမဟုတ်။ အဲဒီနားတစ်ဝိုက်က တာဝါတိုင်တွေ ထိမ်းသိမ်းရေးတာဝန် ယူထားကြတာ ၈ နှစ်တောင်ရှိပြီလို့ ကြားတယ်။ ကိုယ့်ဒေသမှာ အလုပ်လုပ်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ကာကွယ်ပေးဖို ဒေသခံတွေမှာတာဝန်ရှိတယ်။ ခုတလော ရေးဘီလူးခွင်ထဲမှာ သတ်ဖြတ်မှုတချို့ ပြန်တွေ့လာရတယ်။ လက်နက်ကိုင်ပြီး ရိုးအီလာလို့ သံသယစိတ်ကြီးလာရင် ဖြစ်
တတ်တဲ့သဘောပေမဲ့ ကိုယ့်နယ်ထဲမှာအလုပ်လုပ်နေကြတဲ့ဝန်ထမ်းတွေအပေါ် ခုလိုမပြု
ကျင့်သင့်ပါဘူး။ မင်းတို့ဘာသာ ဘယ်လိုခံယူထားပါစေ၊ ဘာမှ မှတ်ချက်မပြုလိုပါဘူး။ ဒါပေမဲ့ စည်းမဲ့
ကမ်းမဲ့ သတ်ဖြတ်မှုတွေကိုတော့ ရှုတ်ချတယ်။ ဆင်ခြင်ကြပါလို့ တိုက်တွန်းပါတယ်။” လို့ Michael Hlaing က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ မေ ၁၄ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ကလည်း ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရွှေအင်ဒုံရွာဟောင်းကျေးရွာနေ ဦးဌေးအောင် (၃၇)နှစ်၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ(၂)ရပ်ကွက်နေ ကိုရဲထက်အောင် (၂၈)နှစ်နဲ့ မြို့မ(၄)ရပ်ကွက်နေ ကိုအောင်ပြည့်စုံ(၂၄)နှစ်တို့ဟာ ရေနံချေးသုတ်လုပ်ငန်း လုပ်ကိုင်ဖို့ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ကနေ ရေးမြို့နယ်ဘက် ထွက်ခွာလာချိန် ရေး-သံဖြူဇရပ်သွား ကားလမ်းမိုင်တိုင်အမှတ် ၅၀ မိုင် ၅ ဖာလုံအနီးအရောက်မှာ PDF တွေက အကြမ်းဖက်ဖမ်းဆီးပြီး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားခဲ့လို့ သုံးဦးစလုံး ကျည်ထိမှန်ဒဏ်ရာများစွာရရှိပြီး နေရာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပါသေးတယ်။
သံဖြူဇရပ်မြို့ပေါ်ကို အစိုးရကအုပ်ချုပ်ရေးအာဏာစက် သက်ရောက်ပေမယ့် ပတ်ဝန်းကျင်ကျေးလက်တွေနဲ့ နယ်စပ်လမ်းကြောင်းတွေမှာတော့ မွန်လက်နက်ကိုင် NMSP / NMSP-AD၊ ကရင်အကြမ်းဖက်လက်နက်ကိုင် KNU နဲ့ NUG ဩဇာခံ PDF တွေ စုပြုံလှုပ်ရှားတဲ့ စစ်ရေးအရ အချက်အချာကျတဲ့ နယ်မြေတစ်ခု ဖြစ်ပြီး ဒီလက်နက်ကိုင်တွေထဲမှာတော့ စစ်ရာဇဝတ်မှုတွေ မကြာခဏကျူးလွန်နေတဲ့ NUG ဩဇာခံ ရေးဘီလူး PDF အဖွဲ့ဟာ အဆိုးဆုံးအဖွဲ့ဖြစ်ပြီး ကြေးစားသာသာအဖွဲ့ဖြစ်နေပါတယ်။
ပုံစာ။ သံဖြူဇရပ်မှာ မေ ၁၄ ရက်နဲ့ မေ ၁၉ ရက်က PDF သတ်ဖြတ်ခံရတဲ့ အမျိုးသားငါးဦးပုံရိပ်
