သက်တံ့
၂၂. ၅. ၂၀၂၆
တရုတ်နိုင်ငံ၏ အချက်အချာကျသော ပြည်တွင်းဒေသများနှင့် တုံကင်ပင်လယ်ကွေ့ (Gulf of Tonkin) ကို ချိတ်ဆက်ပေးမည့် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံတန် “ဖျင်လု တူးမြောင်း” (Pinglu Canal) စီမံကိန်းသည် တည်ဆောက်ရေး၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး လာမည့် စက်တင်ဘာလအတွင်း စမ်းသပ်လည်ပတ်မှုများ စတင်နိုင်တော့မည်ဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
အဆိုပါ စမ်းသပ်မှုတွင် တရုတ်ပြည်တွင်းဒေသများနှင့် ဟိုင်နန် (Hainan) လွတ်လပ်သော ကုန်သွယ်မှုဆိပ်ကမ်းကို ချိတ်ဆက်မည့် ပထမဆုံးသော သင်္ဘောလိုင်းလမ်းကြောင်းလည်း ပါဝင်မည် ဖြစ်သည်။
ဖျင်လုတူးမြောင်းသည် တရုတ်နိုင်ငံက ရာစုနှစ်ပေါင်းများစွာအတွင်း အကောင်အထည်ဖော်ခဲ့သည့် အကြီးမားဆုံးသော ရေလမ်းကြောင်းစီမံကိန်း ဖြစ်ပြီး တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး (Guangxi) ဒေသ၏ မြို့တော် နန်နင်း (Nanning) မှ တရုတ်နိုင်ငံတွင် ပေပုပင်လယ်ကွေ့ (Beibu Gulf) ဟု လူသိများသည့် တုံကင်ပင်လယ်ကွေ့အထိ ၁၃၄ ကီလိုမီတာ (၈၃ မိုင်) ရှည်လျားမည် ဖြစ်သည်။
ဤစီမံကိန်း၏ ရည်ရွယ်ချက်မှာ စီးပွားရေးသိပ်မဖြစ်ထွန်းသေးသည့် တရုတ်နိုင်ငံ ပြည်တွင်းပိုင်း အလယ်ဗဟိုဒေသများမှနေ၍ ကမ္ဘာ့ပင်လယ်ရေကြောင်း လမ်းမကြီးများဆီသို့ ပိုမိုမြန်ဆန် လွယ်ကူစွာ သွားလာနိုင်စေရန်၊ ဒေသတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍကို မြှင့်တင်ရန်နှင့် တရုတ်နိုင်ငံ၏ အကြီးမားဆုံး ပို့ကုန်စျေးကွက်ဖြစ်သော အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့် ကုန်သွယ်ရေးကို ပိုမိုခိုင်မာအားကောင်းစေရန် ဖြစ်သည်။
ပြီးခဲ့သည့်နှစ်က အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားနေစဉ်အတွင်း အာဆီယံနိုင်ငံများသို့ တရုတ်၏ ပို့ကုန်တင်ပို့မှု ၁၃ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ယင်းက အမေရိကန်သို့ ပို့ကုန်တင်ပို့မှု ၂၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ခြင်းကို အထိုက်အလျောက် အစားထိုးကုစားပေးနိုင်ခဲ့သဖြင့် အာရှဒေသတွင်း တရုတ်၏ ကုန်သွယ်ရေး မြင့်တက်လာမှုသည် ပေကျင်းအတွက် အဓိက အထောက်အပံ့ ဖြစ်စေခဲ့သည်။
ယခု တူးမြောင်း၏ ကနဦး ရေလမ်းကြောင်းကို တုံကင်ပင်လယ်ကွေ့တစ်ဖက်ကမ်းရှိ တရုတ်နိုင်ငံက လွတ်လပ်သော ကုန်သွယ်မှုဗဟိုချက်အဖြစ် အသွင်ပြောင်းလဲ ဆောင်ရွက်နေသည့် ကျွန်းပြည်နယ်တစ်ခုဖြစ်သော ဟိုင်နန်ဒေသနှင့် တိုက်ရိုက်ချိတ်ဆက်ပေးသွားမည် ဖြစ်သည်။
နန်နင်းမြို့မှ ဟိုင်နန်ပြည်နယ် ရန်ဖူ (Yangpu) ဆိပ်ကမ်းအထိ ပြေးဆွဲမည့် အဆိုပါ သင်္ဘောလိုင်းလမ်းကြောင်းကို လာမည့် စက်တင်ဘာလအတွင်း နန်နင်းမြို့၌ ကျင်းပမည့် (၂၃) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (China-Asean Expo) နှင့် တိုက်ဆိုင်၍ စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း တရုတ်အစိုးရပိုင် Securities Times သတင်းစာက ပြီးခဲ့သည့်သီတင်းပတ်တွင် ဖော်ပြခဲ့သည်။
Ref : SCMP
