သက်တံ့
၂၂. ၅. ၂၀၂၆
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း၊ မဲခေါင်မြစ်တစ်လျှောက်တွင် ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များသည် စိတ်ကြွရူးသွပ်ဆေးပြား (မက်သ်အဖက်တမင်း) ၁ ဒသမ ၀၈ သန်းကျော်ကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးမှောင်ခိုသမားဟု ယူဆရသူများသည် နယ်စပ်ကိုဖြတ်ကျော်ကာ လာအိုနိုင်ငံဘက်သို့ ထွက်ပြေးလွတ်မြောက်သွားကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
အဆိုပါဒေသအတွင်းသို့ မူးယစ်ဆေးဝါးအမြောက်အမြား မှောင်ခိုသွင်းလာမည်ဆိုသည့် ထောက်လှမ်းရေးသတင်း ရရှိပြီးနောက် သောကြာနေ့ (မေလ ၂၂ ရက်) နံနက် ၄ နာရီခန့်တွင် လိုအီ (Loei) ခရိုင်၊ ပတ်ချွန် (Pak Chom) မြို့နယ်၊ ဟွေ့ဖီချိုင်း (Huai Phichai) တိုက်နယ်၊ ဘန်ဆန်ဂေါ (Ban Sangao) ရွာအနီးရှိ အဝေးပြေးလမ်းမ ၂၁၁ အနီးတွင် စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ထိုင်းတပ်မတော်၏ ပြောကြားချက်အရ စူရဆက်မွန်ထရီ (Surasak Montri) အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ နယ်စပ်မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့များနှင့် ဒေသခံလုံခြုံရေးအေဂျင်စီများမှ တပ်ဖွဲ့ဝင်များကို မဲခေါင်မြစ်ကမ်းဘေးတွင် စောင့်ကြည့်ရန် တာဝန်ချထားခဲ့ကြောင်း သိရသည်။

၎င်းနောက် အရာရှိများသည် မဲခေါင်မြစ်အနီးတွင် ရပ်ထားသည့် သံသယဖြစ်ဖွယ် ပစ်ကပ်ကားတစ်စီးကို သတိပြုမိခဲ့ပြီးအဆိုပါကားပေါ်သို့ အမျိုးသားသုံးဦးက အနက်ရောင်အိတ်များကို တင်ဆောင်နေသည်ကို မြင်တွေ့ခဲ့ရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝိုင်းဝန်းစီးနင်းရန် ချဉ်းကပ်လာစဉ် သံသယရှိသူများသည် အမှောင်ထုထဲသို့ ထွက်ပြေးသွားခဲ့ကြပြီး ဒေသခံရွာသားများပိုင်ဆိုင်သည့် စက်တပ်စောင်းလျားလှေ (စက်လှေရှည်) နှစ်စင်းကို ယူဆောင်ကာ မဲခေါင်မြစ်ကို ဖြတ်ကျော်၍ လာအိုနိုင်ငံဘက်သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု စွပ်စွဲထားသည်။
အလားတူ ပစ်ကပ်ကားမောင်းသူသည်လည်း အိမ်နီးချင်း နောင်ခိုင် (Nong Khai) ခရိုင်ရှိ ဆန်ခွန် (Sangkhom) မြို့နယ်ဘက်သို့ အဝေးပြေးလမ်းမ ၂၁၁ အတိုင်း ကားမောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။
အဆိုပါနေရာကို လုံခြုံရေးရယူပြီးနောက် အရာရှိများသည် စိတ်ကြွဆေးပြား (ယာဘ) ၁ ဒသမ ၀၈ သန်းခန့် ပါရှိသော အိတ် ၃ အိတ်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ထို့အပြင် အခင်းဖြစ်ပွားရာနေရာ၌ စက်တပ်လှေတစ်စင်းကိုလည်း သိမ်းဆည်းရမိခဲ့သည်။
သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများကို စစ်ဆေးရန်အတွက် ဒေသခံခြေလျင်တပ်ရင်း (အခြေစိုက်စခန်း) သို့ သယ်ဆောင်သွားခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွင် သက်သေခံပစ္စည်းအဖြစ် အသုံးပြုရန် ပတ်ချွန် (Pak Chom) ရဲစခန်းထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
အာဏာပိုင်များက အဆိုပါ မူးယစ်မှောင်ခိုဂိုဏ်း၏ အခြားအဖွဲ့ဝင်များကို စုံစမ်းဖော်ထုတ်ကာ ဖမ်းဆီးရမိရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။
Ref : Khaosod

