နေမိုး
၂၂. ၅. ၂၀၂၆
အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက် ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့် လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာ အသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများကို ပြုလုပ်လျက်ရှိရာ ယခုလည်း KIA နှင့် PDF တို့ ထောင်ထားသည့် မိုင်းများပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံးကာ ငါးဦး ထိခိုက်ဒဏ်ရာရရှိများ ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
ကချင်လက်နက်ကိုင် KIA နှင့် NUG ဩဇာခံ PDF တို့၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ မေ ၁၉ ရက် ည ၁၁ နာရီ ၅၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ပြည်သူ့ဆေးရုံ၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် သေဆုံး၊ ထိခိုက် ဒဏ်ရာရရှိသူများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ တောင်ငူမြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်နေ ဦးခွန်ထိုက်အောင် (ခ)ခယ်ပေ(၃၁)နှစ်၊ အမှတ်(၂၃)ရပ်ကွက်နေသူများဖြစ်ကြသည့် ဦးစောစိမ်းမင်း(၃၅)နှစ်၊ ဦးစောယိုအေးလ (၃၂)နှစ်၊ ဒေါ်နော်ဟဲနေစေး(၃၀)နှစ်နှင့် မွန်ကုန်းကျေးရွာနေ ဒေါ်နော်ယွာဟေးလဲဘွယ်(၃၃)နှစ် တို့သည် မွန်ကုန်းကျေးရွာမှ တောင်ငူမြို့သို့ မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် တောင်ငူ-လိပ်သို ကားလမ်း မိုင်တိုင်အမှတ် ၅ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံကြားအရောက်၌ လမ်းဘေးမှ PDF များ ထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ဦးခွန်ထိုက်အောင်(ခ) ခယ်ပေတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးစောစိမ်းမင်းပါ လေးဦးတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ မေ ၂၀ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြည်သူ့ဆေးရုံ၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် တနိုင်းမြို့နယ်၊ ကင်ဆားရပ်ကွက်နေ ဦးဂလောင်းနော်မိုင်(၅၆)နှစ်သည် နမ်ဖျက်ယန်ကျေးရွာနှင့် တိန်ကောက်ကျေးရွာကြားရှိ မီးသွေးလုပ်ငန်းလုပ်ကိုင်သည့်နေရာသို့ သွားရောက်စဉ် အဆိုပါနေရာအနီးအရောက်၌ KIA သောင်းကျန်းသူအဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့က ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက် ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှု ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။





