◾ သမ္မတ ထရမ့်ပ်က ကျူးဘားကို ကျူးကျော်ဖို့ ပြင်နေပြီလား
၂၂.၅.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က သူ့အရင်တာဝန်ယူခဲ့ကြတဲ့ အမေရိကန် သမ္မတတွေဟာ ကျူးဘားနိုင်ငံအရေးကို ဝင်ရောက်စွက်ဖက်ဖို့ ဆယ်စုနှစ်များစွာ အချိန်ယူ စဉ်းစားခဲ့ကြပြီး အခုအခါမှာတော့ သူကပဲ လုပ်ဆောင်မယ့်သူ ဖြစ်လာတော့မယ်လို့ မေလ ၂၁ ရက်က ပြောကြားခဲ့ပါတယ်။
ထရမ့်ပ်က “အရင်သမ္မတတွေက ဒီကိစ္စကို နှစ် ၅၀၊ ၆၀ လောက် အချိန်ယူစဉ်းစားနေခဲ့ကြတယ်။ တစ်ခုခုတော့ လုပ်ဆောင်နေခဲ့ကြတာပေါ့။ ခုတော့ ကျွန်တော်က တကယ်လုပ်ဆောင်မယ့်သူ ဖြစ်ပုံရလာတယ်။ ဒါကြောင့်လည်း ကျွန်တော်က ဝမ်းမြောက်ဝမ်းသာ လုပ်ဆောင်မှာပါ”လို့ အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ကျူးဘားမွေး အမေရိကန်နိုင်ငံသားတွေကလည်း ပြန်လည်ဝင်ရောက်ပြီး ကူညီနိုင်ပါတယ်လို့ ထရမ့်ပ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ကျူးဘားနဲ့ ညှိနှိုင်းသဘောတူညီချက်ရရှိဖို့ အလားအလာကလည်း အခုအချိန်မှာ မမြင့်မားဘူးလို့ မေလ ၂၁ ရက်အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုက ကျူးဘားတော်လှန်ရေးခေါင်းဆောင် ရာအူးလ် ကက်စထရိုကို ကျူးဘားစစ်တပ်က အမေရိကန်လေယာဉ်နှစ်စင်းကို လွန်ခဲ့တဲ့ နှစ် ၃၀ က ပစ်ချခဲ့မှုနဲ့ ဆက်စပ်လို့ မကြာသေးမီက တရားစွဲဆိုခဲ့ပါတယ်။ ဒီနောက် နီမစ်ဇ် အမေရိကန်လေယာဉ်တင်သင်္ဘောကြီးပါဝင်တဲ့ စစ်သင်္ဘောအုပ်စုကို ကာရစ်ဘီယံပင်လယ်ကို စေလွှတ်ခဲ့ပြီး ယင်းလှုပ်ရှားမှုတွေက ကျူးဘားအပေါ် အမေရိကန်ရဲ့ ပိုမိုကျယ်ပြန့်တဲ့ ဖိအားပေးလှုပ်ရှားမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ရှုမြင်ကြပါတယ်။
ကျူးဘားသမ္မတ မီဂဲလ် ဒိုင်ယက်ဇ်-ကာနယ်လ်က ရာအူးလ် ကက်စထရိုကို အမေရိကန်ရဲ့ တရားစွဲဆိုမှုက ဥပဒေကြောင်းအရ အခြေအမြစ်မရှိတဲ့ နိုင်ငံရေးလှုပ်ရှားတစ်ခုဖြစ်တယ်လို့ ရှုတ်ချပြောကြားခဲ့ပါတယ်။
ကျူးဘားသမ္မတ မီဂဲလ်က ကျူးဘားအပေါ် အမေရိကန်က စစ်ရေးတိုက်ခိုက်လာမယ်ဆိုရင် ရေတွက်လို့မရတဲ့အကျိုးဆက်တွေရှိတဲ့ သွေးချောင်းစီးမှုနဲ့ လက်တင်အမေရိကနဲ့ ကာရစ်ဘီယံဒေသမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုအပေါ် ဆိုးရွားသော သက်ရောက်မှုကို ဖြစ်ပေါ်စေလိမ့်မယ်လို့ သူက မေလ ၁၈ ရက်မှာ သတိပေးခဲ့ပါတယ်။
Ref- Xinhua
