သက်တံ့
၂၂. ၅. ၂၀၂၆
အမေရိကန်-အစ္စရေးတို့နှင့် အီရန်အကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ရိုက်ခတ်မှုဒဏ်ကို ခံစားနေရသည့် အဖွဲ့ဝင်နိုင်ငံများကို ပံ့ပိုးကူညီရန်အတွက် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံ တန်ဖိုးရှိ ရန်ပုံငွေအစီအစဉ်တစ်ရပ် (facility) ကို စတင်လိုက်ပြီဖြစ်ကြောင်း အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) က ကြာသပတေးနေ့ (မေလ ၂၁ ရက်) တွင် ကြေညာခဲ့သည်။
ပေကျင်းအခြေစိုက် အဆိုပါဘဏ်က ထုတ်ပြန်သည့် ကြေညာချက်အရ “စွမ်းအင်၊ စားနပ်ရိက္ခာဖူလုံရေးနှင့် စီးပွားရေးခံနိုင်ရည်ရှိမှုဆိုင်ရာ ရန်ပုံငွေအစီအစဉ်” (The Energy, Food Security and Economic Resilience Facility) ဟု အမည်ရသော ဤအစီအစဉ်သည် ဘဏ်၌ လက်ရှိရှိနေပြီးသား ဘဏ္ဍာရေးဆိုင်ရာ ကိရိယာများနှင့်အတူ ပူးတွဲအသက်ဝင်မည် ဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စွမ်းအင်လုံခြုံမှု၊ စားနပ်ရိက္ခာဖူလုံမှုနှင့် စီးပွားရေးကြံ့ခိုင်မှုဆိုင်ရာ အရေးပေါ်လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် နှစ်နှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ ၁၀ ဘီလျံအထိ ထုတ်ချေးပေးသွားမည်ဖြစ်သည်။
“ဒီရန်ပုံငွေအစီအစဉ်ဟာ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ပြင်ပကလာတဲ့ ရိုက်ခတ်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သက်ရောက်မှုတွေကို တုံ့ပြန်ဖြေရှင်းနိုင်မှာဖြစ်သလို ရေရှည်ခံနိုင်ရည်ရှိမှုကိုလည်း ပိုမိုခိုင်မာစေမှာ ဖြစ်ပါတယ်” ဟု AIIB ဥက္ကဋ္ဌ ကန်ကျားယိ (Zou Jiayi) က ကြေညာချက်တွင် ပြောကြားခဲ့သည်။
AIIB ဘဏ်ကို တရုတ်နိုင်ငံက ဦးဆောင်ကာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသည် ဦးသိန်းစိန်အစိုးရကာလ ထိုစဉ်ကတည်းက မူလတည်ထောင်သူအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့သည်။ လက်ရှိတွင် မြန်မာနိုင်ငံက အစုရှယ်ယာပေါင်း ၂,၆၄၅ စု (အမေရိကန်ဒေါ်လာ ၂၆၄ ဒသမ ၅ သန်း တန်ဖိုးရှိ) ဖြင့် ပါဝင်နေပြီး၊ ၂၀၂၆ ခုနှစ် မေလအထိ စာရင်းများအရ ကမ္ဘာတစ်ဝန်းရှိ ဒေသတွင်းနှင့် ဒေသတွင်းမဟုတ်သော နိုင်ငံပေါင်း ၁၀၀ ကျော်က ရှယ်ယာရှင်အဖြစ် ပါဝင်နေကြောင်း ဘဏ်၏ ထုတ်ပြန်ချက်များအရ သိရသည်။
Ref : SCMP & AIIB
