



သတိုး
၂၁. ၅. ၂၀၂၆
၁၉၈၂ ခုနှစ်တုန်းက အရင် ဥရောပဖလားဖြစ်တဲ့ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖူးပေမဲ့ နောက်ပိုင်းမှာတော့ ကျဆင်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အက်စတွန်ဗီလာဟာ ၄၄ နှစ်အကြာ ဒီနေ့မှာတော့ ဂျာမနီကလပ် ဖရိုင်းဘတ်ကို ဂိုးပြတ်သွင်းပြီး အရှိန်အဝါကြီး ဥရောပဖလားတစ်လုံးဖြစ်တဲ့ ယူရိုပါလိဂ်မှာ ဗိုလ်ဝင်ခံနိုင်ခဲ့ပါတယ်။
ဖရိုင်းဘတ်ရော ဗီလာပါ ဘယ်သူနိုင်နိုင် ယူရိုပါလိဂ်ချန်ပီယံအသင်းသစ်ဖြစ်လာမယ့်အခြေအနေမှာ မူလကတည်းက ဗီလာဟာ အသင်းရဲ့ဒီရာသီစွမ်းဆောင်ရည်နဲ့ ဗိုလ်လုပွဲကို ငါးကြိမ်တက်ဖူးပြီး မတူညီတဲ့နှစ်သင်းနဲ့ ချန်ပီယံလေးကြိမ်ရဖူးတဲ့ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ဘုရင်လို့ကို တင်စားရတဲ့ အသင်းရဲ့ စပိန်နည်းပြ အူနိုင်း အမ်မရီကြောင့်လည်း ဒီနေ့ပွဲမှာ သက်သောင့်သက်သာကစားနိုင်ခဲ့ပြီး ပထမပိုင်းမှာတင် နှစ်ဂိုးပြတ်နိုင်ခဲ့တာပါ။

၁၉၉၆ ခုနှစ်နောက်ပိုင်း ပထမဆုံး ဆုဖလားရရှိမှုအဖြစ် အနှစ် ၃၀ ကြာ ပြတ်တောက်နေတဲ့ ချန်ပီယံဆုကို ဗီလာအတွက်ယူပေးဖို့ အူနိုင်း အမ်မရီဟာ ဒီနေ့အတွက် သေချာပြင်ဆင်ခဲ့လို့ ခြေအရလည်း ဗီလာသာခဲ့ပြီး ပထမပိုင်းတစ်ပိုင်းလုံး ပွဲကိုစိုးမိုးထားခဲ့တာကြောင့် သမိုင်းတစ်လျှောက်မှာ ပထမဆုံး ဥရောပဗိုလ်လုပွဲတက်နိုင်ခဲ့တဲ့ ဖရိုင်းဘတ်ဟာ Set Piece ကပဲ ဒုက္ခပေးနိုင်ခဲ့ပေမဲ့ အနိုင်ဂိုးကို မရှာနိုင်ခဲ့ပါဘူး။ ဒါပေမဲ့လည်း ဗီလာကလည်း ဂိုးရဖို့ မိနစ် ၄၀ အထိ ခက်နေခဲ့ပြီး ရင်တမမ ကြည့်နေခဲ့ရပေမဲ့ ဗီလာ့အတွက် အနိုင်ဂိုးတွေကိုတော့ တိုင်လီမန်းစ်က ၄၁ မိနစ်နဲ့ ဘူအန်ဒီယာတို့က ပထမပိုင်းအချိန်ပို သုံးမိနစ်မှာ နှစ်ဂိုးဆက်သွင်းယူခဲ့တာပါ။
သွင်းယူသွားတဲ့နှစ်ဂိုးစလုံးဟာ အချောင်ဘောတွေမဟုတ်ဘဲ ဗိုလ်လုပွဲအဆင့်နဲ့ထိုက်တန်ပြီး လှလှပပသွင်းယူနိုင်ခဲ့တာပါ။ တိုင်လီမန်းစ်ဟာ နှစ်ဖက်အသင်းသားတွေ ရှုပ်နေတဲ့ကြားက ၁၈ ကိုက်စည်းအတွင်းကနေ မြေမကျ ကန်သွင်းခဲ့တာဖြစ်ပြီး ဘူအန်ဒီယာရဲ့ဂိုးဟာလည်း ၁၈ ကိုက်စည်းအပြင်ကနေ ဂိုးသမား ညာဘက် ဆယ်ပြားစေ့ထောင့်ထဲ လှလှပပကန်သွင်းသွားတာပါ။
ဒုတိယပိုင်းမှာလည်း ဖရိုင်းဘတ်ဟာ ပြန်မလာနိုင်တဲ့အပြင် ပွဲအစ ၁၂ မိနစ်မှာတင် ရော်ဂျာစ်က နောက်ခံလူနဲ့ ဂိုးသမား တားနေတဲ့ကြားကနေ လှလှပပ ပိတ်သွင်းသွားတာ ခံလိုက်ရပြန်လို့ သုံးဂိုးပြတ်ဦးဆောင်ခွင့်ပေးလိုက်ရချိန်မှာတော့ ဖရိုင်းဘတ်ရဲ့ အိပ်မက်တွေဟာ အရှက်ရဖွယ်အရှုံးရလဒ်နဲ့ပဲ မျက်ရည်လည်ရွဲ ဖြစ်ရပြန်ပါတယ်။
ဒါတောင် ပွဲချိန် ၆၉ မိနစ်မှာ ထောင့်ကန်ဘောကရတဲ့အလုံး တိုင်ထိထွက်တာနဲ့ ၇၆ မိနစ်၊ ၇၈ မိနစ်က ကန်ချက်တွေ ဂိုးမရခဲ့လို့သာ ဖရိုင်းဘတ် ဒါ့ထက်ပိုပြီး အရှက်မကွဲခဲ့ရတာပါ။
