◾ ၂ဝ၂၁-၂ဝ၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာမူလတန်းဆင့်နှင့် အလယ်တန်းဆင့်ကျောင်းသားများအတွက် Placement Test ဖြေဆိုရန် လျှောက်လွှာ ခေါ်ယူ
သက်တံ့
၂၁. ၅. ၂၀၂၆
နိုင်ငံရေးပဋိပက္ခကာလဖြစ်သည့် ၂ဝ၂၁-၂ဝ၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံ ပညာမူလတန်းဆင့် (Grade 2 မှ Grade 5) နှင့် အလယ်တန်းဆင့် (Grade 6 မှ Grade 9) ကျောင်းသားများအတွက် Placement Test (အထူးအစီအစဉ်)ဖြေဆိုရန် လျှောက်လွှာကို ယနေ့တွင် အခြေခံပညာဦးစီးဌာနက ခေါ်ယူလိုက်သည်။
လျှောက်ထားသူသည် အခြေခံပညာကျောင်း၊ သို့မဟုတ် ကိုယ်ပိုင်ကျောင်း သို့မဟုတ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ပညာသင်ယူခဲ့ဖူးသူဖြစ်ရမည်ဖြစ်ပြီး မိမိနောက်ဆုံးတက်ရောက်ခဲ့သည့်ကျောင်းမှ နောက်ဆုံးအောင်မြင်ခဲ့သည့်အတန်းအတွက် ကျောင်းထောက်ခံချက်(မူရင်း) သို့မဟုတ် မိတ္တူ(မှန်) ပူးတွဲတင်ပြရမည်ဖြစ်သည်။
ကျောင်းထောက်ခံချက်(မူရင်း) သို့မဟုတ် မိတ္တူ (မှန်) တင်ပြနိုင်ခြင်းမရှိပါက အရေးပေါ်အခြေအနေကြေညာထားသော မြို့နယ်အတွင်းရှိ ကျောင်းတွင် တက်ရောက်ခဲ့သည့် ကျောင်းသားဖြစ်ကြောင်း အထောက်အထား(အရေးပေါ်အခြေအနေ ကြေညာထားသော မြို့နယ်မှ အမှန်တကယ်ပြောင်းရွှေ့နေထိုင်သူဖြစ်ကြောင်း ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်) ပူးတွဲတင်ပြရမည်ဖြစ်သည်။
ထို့အပြင် လျှောက်ထားသူသည် မိမိအသက်အရွယ်အရ တက်ရောက်သင်ယူရမည့်အတန်း၏ တစ်ဆင့်နိမ့်အတန်း Placement Test ကို ဖြေဆိုရမည် (ဥပမာ-အသက်အရွယ်အရ Grade 9 တက်ရောက်ရမည့် ကျောင်းသားသည် Grade 8 ကို ဖြေဆိုရမည်။) ဖြစ်သည်။
လျှောက်ထားသူသည် အသက်အရွယ်အရ တက်ရောက်ရမည့်အတန်းထက် အဆင့်နိမ့်အတန်းကို တက်ရောက်လိုပါကလည်း ၎င်းအတန်း၏ တစ်ဆင့်နိမ့်အတန်းကို ဖြေဆိုရမည် (ဥပမာ- အသက်အရွယ်အရ Grade 9 တက်ရောက်ရမည့် ကျောင်းသားသည် မိမိဆန္ဒအရ Grade 7 ကိုသာ တက်ရောက်လိုပါက Grade 6 ကို ဖြေဆိုရမည်။) ဖြစ်သည်။
ထို့အတွက် လျှောက်ထားသူသည် Placement Test. ကျရှုံးပါက မိမိဖြေဆိုသည့်အတန်းကိုသာ တက်ရောက်သင်ယူရမည်ဖြစ်သည်။
ထို့အပြင် ဖြေဆိုလိုသောအတန်းနှင့် မွေးသက္ကရာဇ်အရ အသက်ကိုက်ညီမှုရှိရမည်။ (ကျောင်းသားသည် အသက်အရွယ်အရ ရောက်ရှိရမည့်အတန်းထက် အဆင့်နိမ့်အတန်းကို ဖြေဆိုလိုပါကလည်း လက်ခံရမည်။) ဖြစ်ကြောင်းနှင့် မွေးသက္ကရာဇ်အတွက် မွေးစာရင်း သို့မဟုတ် အသက်အတွက် ထောက်ခံချက် (အိမ်ထောင်စုစာရင်း) (မူရင်း)ပြ၍ မိတ္တူကို ပူးတွဲတင်ပြရမည်ဖြစ်ကာ မွေးစာရင်း သို့မဟုတ် အသက်အတွက်ထောက်ခံချက် (အိမ်ထောင်စုစာရင်း) (မူရင်း) တင်ပြနိုင်ခြင်းမရှိပါက အိမ်ထောင်စုစာရင်းမိတ္တူ (မှန်) သို့မဟုတ် ကျောင်းသား၏ နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဌာန၏ အသက်ဖော်ပြထားသော ကျန်းမာကြောင်း ဆေးထောက်ခံချက် ပူးတွဲတင်ပြရမည်ဖြစ်သည်။
Placement Test (အထူးအစီအစဉ်) ဖြေဆိုခွင့်လျှောက်လွှာများကို မြို့နယ်ပညာရေးမှူးရုံးများတွင် မနက်ဖြန် ၂၂-၅-၂၀၂၆ ရက်နေ့မှစ၍ (ပိတ်ရက်မရှိ) အခမဲ့ ထုတ်ယူပြီး ၅-၆-၂၀၂၆ ရက်နေ့ (ရုံးချိန်) နောက်ဆုံးထား၍ မြို့နယ်ပညာရေးမှူးရုံးများသို့ ပြန်လည်တင်သွင်းလျှောက်ထားရမည်ဖြစ်သည်။
ထို Placement Test (အထူးအစီအစဉ်)ကို သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးအစီအစဉ်ဖြင့် သတ်မှတ်ထားသည့် စာစစ်ဌာနများတွင် ၁၅-၆-၂၀၂၆ ရက်နေ့မှ ၂၀-၆-၂၀၂၆ ရက်နေ့အတွင်း ဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုရမည့်အစီအစဉ်နှင့် အသေးစိတ်အချက်အလက်များကို လျှောက်လွှာထုတ်ယူတင်သွင်းခဲ့သည့် မြို့နယ်ပညာရေးမှူးရုံးများတွင် ဆက်သွယ်စုံစမ်း၍ အစီအစဉ်အတိုင်း ဝင်ရောက်ဖြေဆိုရမည်ဖြစ်သည်။
ပညာရေးဝန်ကြီးဌာနမှ ထုတ်ပေးထားသည့် သတ်မှတ်လျှောက်လွှာအတိုင်း ပြည့်စုံစွာ ဖြည့်စွက်ရမည်ဖြစ်ပြီး “ပြည့်စုံမှုမရှိသော လျှောက်လွှာများ”ဖြင့် လျှောက်ထားပါက လျှောက်ထားမှုအား “ပယ်ဖျက်”မည်ဖြစ်သလို လျှောက်လွှာအား သတ်မှတ်ရက်အတွင်း တင်ပြနိုင်မှုမရှိခြင်းနှင့် သတ်မှတ်နေရာတွင် ဖြေဆိုနိုင်ခြင်းမရှိပါက ဖြေဆိုသူစာရင်းမှ ပယ်ဖျက်ခြင်းကို လိုက်နာရမည်ဖြစ်သည်။
ထို့အပြင် Placement Test (အထူးအစီအစဉ်) ဖြေဆိုသည့်နေ့ရက်များတွင် ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော ကျောင်းဝတ်စုံ(အဖြူ၊ အစိမ်း)ကို ဝတ်ဆင်ရမည်ဖြစ်ပြီး လျှောက်ထားသူသည် အတန်းတက်ရောက်ခွင့်ရရှိပါက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ၌သာ တက်ရောက်ပညာသင်ယူရမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနက ထုတ်ပြန်ထားသည်။





