၁၉.၅ ၂၀၂၅
Written by Linn Eain
မြန်မာဒူးရင်းဈေးကွက်သည် ပြည်တွင်းကို မှီခိုနေရသော်လည်း လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ အလုံး အရင်းဖြင့် တင်ပို့နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က မြေပဒေသာကျွန်းတွင် ယနေ့ ပြုလုပ်သည့် ” မြန်မာ့ဒူးရင်းပွဲတော် ၂၀၂၆” အခမ်းအနားတွင် ပြောကြားခဲ့သည်။
ထို့ပြင် ဒူးရင်းသီး၏ လက်ရှိ ပြည်တွင်းဈေးကွက်နှင့် ပြည်ပဈေးကွက်အလားအလာအနေဖြင့် အာဆီယံဒေသတွင်း ဒူးရင်းသီးစိုက်ပျိုးထုတ်လုပ်မှုသည် အလွန်အလား အလာကောင်းမွန်ပြီး စီးပွားရေးအရ အရေးပါသော ဥယျာဉ်ခြံထွက်သီးနှံကဏ္ဍတစ်ခုဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
“ထိပ်တန်းထုတ်လုပ်သူများအနေဖြင့် ထိုင်း၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံတို့က ဈေးကွက်ကို ဦးဆောင်နေပြီး မြန်မာနိုင်ငံအနေဖြင့်လည်း စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်သစ်ဖော်ဆောင်မှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိပါတယ်။ မြန်မာနိုင်ငံ ၏ ဒူးရင်းဈေးကွက်သည် လက်ရှိတွင် ပြည်တွင်းစားသုံးမှုအပေါ် အဓိက မှီခိုနေရသော်လည်း ၂၀၂၆-၂၀၂၇ ခုနှစ်တွင် ပြည်ပသို့ အလုံးအရင်းဖြင့် တင်ပို့နိုင်ရန် ကြိုးပမ်းလျက်ရှိပါတယ်” စိုက်ပျိုးရေးဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ်က ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံသည် ကမ္ဘာ့ဒူးရင်းသီး ဝယ်လိုအား အမြင့်ဆုံးနိုင်ငံဖြစ်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ GACC တွင် မှတ်ပုံတင်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ထိုင်းဒူးရင်းသီး အဓိကတင်ပို့သော လာအို-တရုတ်မီးရထားလမ်းကဲ့သို့ မြန်မာ-တရုတ် ချစ်ကြည်ရေးလမ်းကြောင်းများ ပေါ်ပေါက်လာမှုနှင့်အတူ တရုတ်နိုင်ငံ၏ ဒူးရင်းဈေးကွက်မှ ဝေစုရရှိရန် ရည်မှန်းချက် ထားရှိ၍ ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ဒူးရင်းစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ဒေသမျိုးများကို Gemplarm Collection အဖြစ် စုဆောင်း၍ အရည်အသွေး လက္ခဏာများအား လေ့လာပြီး မျိုးရွေးချယ်ခြင်း၊ မျိုးဖော်ထုတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြောင်းလည်း စိုက်ပျိုးရေးဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် အဓိကအားဖြင့် မေ၊ ဇွန်၊ ဇူလိုင် လများ၌ ဒူးရင်းသီး လှိုင်လှိုင် ထွက်ပေါ်လေ့ရှိပြီး ပြည်ပမျိုးများပေါ်ပြီးနောက် ဒေသမျိုးများပါ ဆက်ပေါ်လေ့ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်တွင် ရန်ကုန်ဈေးကွက်၌ ဒူးရင်းသီးအသေးတစ်လုံးလျှင် ကျပ် ၂၀,၀၀၀ အထက်ရှိပြီး အရည်အသွေးကောင်းပါက ကျပ်သိန်းဂဏန်းအထိ ရှိခဲ့ပြီး ပြည်ပမျိုးများမှာ တစ်ကီလိုဂရမ်လျှင် ကျပ် ၃၀,၀၀၀ ခန့်အထိ ဈေးကောင်း ရရှိခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ်တွင် တစ်ကီလိုလျှင် ကျပ် ၄၀၀၀၀ အထိ ဈေးဖွင့်ခဲ့၍ အလုံးကြီးများမှာ တစ်လုံးလျှင် နှစ်သိန်းကျော်အထိ ရရှိနိုင်ကြောင်း သိရသည်။


