သတိုး
၁၉. ၅. ၂၀၂၆
မဏိပူရပြည်နယ်တစ်လွှားတွင် လက်နက်မှောင်ခိုကူးခြင်း၊ ငွေညှစ်ခြင်းနှင့် ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နေသည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ ကေဒါ (၃) ဦးအပါအဝင် တရားမဝင်လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှ တက်ကြွလှုပ်ရှားသူ အမာခံကေဒါ (၇) ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက နေရာအသီးသီးမှ ဖမ်းဆီးရမိခဲ့ပြီး ယင်းတို့အနက် နှစ်ဦးကို အိန္ဒိယ-မြန်မာနယ်စပ်အနီးမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က အင်္ဂါနေ့ (မေ ၁၉ ရက်) တွင် ပြောကြားခဲ့သည်။
မဏိပူရပြည်နယ်၊ တန်းဂ်နူးပယ် (Tengnoupal) ခရိုင်၊ မိုးရေး (Moreh) ရဲစခန်းအပိုင်၊ နယ်စပ်မှတ်တိုင် ၇၇ နှင့် ၇၉ ကြား နယ်မြေတစ်လျှောက်မှ မေလ ၁၈ ရက်တွင် ဖမ်းဆီးနိုင်သည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ ကေဒါ (၃) ဦးမှာ သိုဘယ် (Thoubal) ခရိုင်၊ ချာရန်းပတ် (Charangpat) မှ အသက် ၂၀ အရွယ် Mr. Wangthoi Nahakpam (ခ) Lingjel၊ အင်ဖာအရှေ့ပိုင်း (Imphal East) ခရိုင်၊ ကွန်ဂ်ဘာ (Kongba) မှ အသက် ၁၉ အရွယ် Mr. Nanaoba Nandeibam (ခ) Angou နှင့် ဘစ်ရှ်နူပူရ် (Bishnupur) ခရိုင်၊ နမ်ဘိုလ် (Nambol) မှ အသက် ၂၀ အရွယ် Mr. Malem Oinam (ခ) Manithoiba တို့ ဖြစ်ကြသည်။
ထိုနေ့တွင်ပင် ပြုလုပ်သည့် သီးခြားစစ်ဆင်ရေးတစ်ခုတွင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တော်လှန်ရေးပြည်သူ့တပ်ဦး/ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (RPF/PLA) မှ တက်ကြွလှုပ်ရှားသူ ကေဒါတစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။ ၎င်းအား အင်ဖာအရှေ့ပိုင်းခရိုင်၊ လမ်လိုင် (Lamlai) ရဲစခန်းအပိုင်၊ ပွန်ဒေါင်ဘမ် မာယိုင်း လေကိုင်း (Pungdongbam Mayai Leikai) မှ အသက် ၃၀ အရွယ် Mr. Chinglen Athokpam (ခ) Ibungo ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ RPF သည် အဆိုပါအဖွဲ့အစည်း၏ နိုင်ငံရေးဦးဆောင်မှုအဖွဲ့ဖြစ်ပြီး PLA မှာမူ လက်နက်ကိုင်စစ်ရေးအဖွဲ့ ဖြစ်သည်။
မေလ ၁၇ ရက်နေ့အစောပိုင်းကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သိုဘယ်ခရိုင်၊ ယိုင်ရီပုတ် (Yairipok) ရဲစခန်းအပိုင်၊ ယိုင်ရီပုတ်စျေးဧရိယာမှ UNLF (Koireng) အဖွဲ့၏ အမာခံကေဒါတစ်ဦးဖြစ်သူ အသက် ၂၆ အရွယ် Mr. Thangjam Dhamendra Singh (ခ) Wayenba (ခ) Volume ကို ဖမ်းဆီးခဲ့သည်။ ၎င်းသည် သိုဘယ်ခရိုင်၊ လေရွန်သဲလ် ပီတရာ (Leirongthel Pitra) တွင် နေထိုင်သူဖြစ်ပြီး တရားမဝင် လက်နက်ခဲယမ်းများ ရောင်းဝယ်ခြင်းနှင့် မှောင်ခိုကူးခြင်းတို့တွင် ပါဝင်ပတ်သက်နေသူဖြစ်ကြောင်း စွပ်စွဲခံထားရသူဖြစ်သည်။ ၎င်းထံမှ ၉ မမ ကျည်အိမ် (၁) ခု၊ ဆင်းမ်ကတ်နှစ်ခုပါဝင်သည့် လက်ကိုင်ဖုန်း (၁) လုံး၊ USB ကြိုးပါဝင်သည့် ပါဝါဘဏ် (၁) ခုနှင့် အေတီအမ် (ATM) ကတ် (၁) ကတ်တို့ကို သိမ်းဆည်းရမိခဲ့သည်။
ထို့နည်းတူ မေလ ၁၇ ရက်နေ့တွင် သီးခြားပြုလုပ်ခဲ့သော စစ်ဆင်ရေးတစ်ခု၌ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အင်ဖာအနောက်ပိုင်း (Imphal West) ခရိုင်၊ လမ်ဖဲလ် (Lamphel) ရဲစခန်းအပိုင်အတွင်းရှိ နေရာအသီးသီးမှ Kanglei Yawol Kanna Lup (KYKL) အဖွဲ့၏ အမာခံကေဒါနှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။
ဖမ်းဆီးရမိသူများမှာ ဒေသတွင်းဆေးသိပ္ပံတက္ကသိုလ် (RIMS) အနီးမှ ဖမ်းဆီးရမိခဲ့သူ အင်ဖာအနောက်ပိုင်းခရိုင်၊ အီရမ် စီဖိုင်း မာမန်း လေကိုင်း (Iram Siphai Mamang Leikai) တွင် နေထိုင်သူ အသက် ၃၉ အရွယ် Mr. Sorokhaibam Priyochand Singh (ခ) Sajao နှင့် ၎င်း၏နေအိမ်မှ ဖမ်းဆီးခြင်းခံခဲ့ရသူ အင်ဖာအနောက်ပိုင်းခရိုင်၊ အူရီပုတ် တာခဲလ်လန်ဘမ် လေကိုင်း (Uripok Takhellambam Leikai) မှ အသက် ၄၇ အရွယ် Mr. Moirangthem Naobi Singh တို့ ဖြစ်ကြသည်။ ၎င်းတို့ထံမှ လက်ကိုင်ဖုန်း (၂) လုံးနှင့် အိန္ဒိယနိုင်ငံသားအထောက်အထားပြ (Aadhaar) ကတ် (၁) ကတ်တို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးမှုများသည် ပြည်နယ်အတွင်း လက်နက်ကိုင်လှုပ်ရှားမှုများနှင့် တရားမဝင် လက်နက်မှောင်ခိုကူးမှုများကို နှိမ်နင်းရန် ရည်ရွယ်၍ ဆောင်ရွက်နေသည့် လုံခြုံရေးစစ်ဆင်ရေးများ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း သိရသည်။
Ref : Hindustan Times & India Today
